Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

တောင်ကြီး မေ ၄

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို မေ(၂)ရက် မွန်းလွဲ ၃ နာရီခွဲတွင် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ တောင်ကြီး-ဟိုပုံး ကားလမ်းမဘေးရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကမ္ဘာပေါ်တွင် လူမျိုးစုပေါင်း (၅၀၀၀)ကျော်ရှိသည့်အနက် နှစ်စဉ် လူမျိုးစု(၂၅)မျိုးခန့် ကွယ်ပျောက်လျက်ရှိပြီး နောင်နှစ်ပေါင်း (၂၀၀)ကျော်လျှင် လူမျိုးစုတော်တော်များများ ပျောက်ကွယ်သွားနိုင်သည်ဟု ပညာရှင်များက ရေးသားပြုစုထားပါကြောင်း၊ စကား၊ စာပေပျောက်လျှင် လူမျိုးပါ ပျောက်ကွယ်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာတို့ကို ထိန်းသိမ်းမြှင့်တင်ပြီး ခိုင်ခိုင်မာမာတည်ဆောက်သွားကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေသင်ကြားရေးနှင့်ပတ်သက်ပြီး မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနသည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး စာသင်ကျောင်းများတွင် တိုင်းရင်းသားဘာသာသင် ဆရာ ဆရာမများ ခန့်ထားပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားအရေး ကိစ္စများကို ဆောင်ရွက်နေသည့် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲများ ကင်းရှင်းပြီး သန့်ရှင်း၍ လွတ်လပ်သော စာပေယဉ်ကျေးမှုအဖွဲ့ ဖြစ်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆင်းရဲနွမ်းပါးမှု ကွာဟမှုနည်းပါးအောင် လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးအခန်းကဏ္ဍတွင်လည်း ဦးစားပေးပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နိုင်ငံတော်က ဆောင်ရွက်နေသည့် “ပန်းခင်းစီမံချက်” အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်း လုပ်ငန်းသည် တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် အရေးကြီးသဖြင့် တိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြစေလိုပါကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းမှ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ရှမ်း၊ ပအိုဝ်း၊ တောင်ရိုး၊ အင်းသား၊ ကိုးကန့်၊ လီဆူ၊ ကချင်နှင့် ဓနုတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသား အရေးကိစ္စရပ်များ၊ စာပေနှင့်ယဉ်ကျေးမှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုလုပ်ငန်းများ ထိန်းသိမ်း မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

ယင်းနောက် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု(ဗဟို) ဥက္က ဦးခွန်ဝင်းကိုက ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့အား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)