နေပြည်တော် မေ ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ယင်းသို့ စစ်ဆေးရာတွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် မိုးရာသီကာလအတွင်း အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်မှုအပေါ် ဘေးအန္တရာယ်ဆိုင်ရာဖြစ်စဉ်များ ဖြစ်ပွားနိုင်မှုအခြေအနေ၊ မိုးရွာသွန်းနိုင်မှု၊ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မှု၊ အပူချိန်မြင့်တက်နိုင်မှု၊ ယင်းတို့နှင့်ဆက်စပ်ပြီး တောမီးလောင်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် ရာသီဥတုနှင့် ဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များကို ဌာနကြီးမှူး ဒေါ်သီရိမောင်က ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များ ဖြည့်စွက်တင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများအတွက် အမြဲအသင့်ဖြစ်စေရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြီးခဲ့သည့်မတ်လအတွင်း ဖြစ်ပေါ်ခဲ့သည့် အားကောင်းသောမုန်တိုင်းငယ် (91B INVEST) နှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ခဲ့မှု အတွေ့အကြုံကောင်းများကို အခြေခံကာ လာမည့်မိုးရာသီကာလအတွက် အလေ့အကျင့်ကောင်းများအဖြစ် မိမိတို့ရရှိထားခဲ့ပါကြောင်း၊ သဘာဝဘေး တုံ့ပြန်ရေးတွင် စနစ်တကျ စီမံဆောင်ရွက်ထားရှိမှုသည် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် အားလျော်စွာ လာမည့်မုတ်သုံရာသီအတွင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ အရှိန်အဟုန်မပြတ်နှင့် အချိန်ကိုက်ဆက်လက် ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာကြရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက မိုးကြိုကာလတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ မပြတ်ပြုလုပ်ထားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်