Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ခမောက်ကြီး၊ ဘုတ်ပြင်းနှင့် ကျွန်းစုတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် မေ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်းစိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့တွင် ခမောက်ကြီး၊ ဘုတ်ပြင်းနှင့် ကျွန်းစုတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင် တပ်မတော်သားများအနေဖြင့် သတ်မှတ်ထားသော အမိန့်နှင့် စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ခြင်းသည် အန္တရာယ်ကင်းဘေးရှင်း၍ လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ နေရာနှင့် လုပ်ငန်းတာဝန်အလိုက် ဆောင်ရွက်ရန်လုပ်ငန်း လမ်းညွှန်များ ရှိပြီးဖြစ်သဖြင့် လေ့လာ၍ ပိုမိုကောင်းမွန်အောင် ကြံဆလုပ်ဆောင်ရန်လိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ဦးတည်ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် အစိတ်အပိုင်းတစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါရည်မှန်းချက် တာဝန်များကို သိရှိနားလည်သဘောပေါက်၍ မိမိတို့ ထမ်းဆောင်ရသည့်ကျရာ တာဝန်များအလိုက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း။

တပ်မတော်သားများအနေဖြင့် စွန့်လွှတ်စွန့်စား အနစ်နာခံမှုဖြင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို သစ္စာရှိဝန်ထမ်းများ၊ ပြည်သူများနှင့်တွဲဖက်ကာ အဓိကကျသော အခန်းကဏ္ဍမှ အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ပရဟိတ၊ လူမှုကူညီရေး အသင်းအဖွဲ့များမှလည်း အားတက်သရော ပူးပေါင်း၍ ရောဂါကူးစက်သူများအတွက် ပြုစုရေးနှင့် စောင့်ရှောက်မှုလုပ်ငန်းများ အပါအဝင် အခြားသော လူမှုရေးလုပ်ငန်းများတွင် ရှေ့တန်းကျကျ သက်ဆိုင်ရာဌာနအသီးသီးနှင့် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုတွင် တစ်နိုင်ငံလုံးပျံ့နှံ့ ဆောင်ရွက်နိုင်ရေးအတွက်လည်း ကာယအား၊ ဉာဏအားဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ထို့သို့ပူးပေါင်းပါဝင်မှုကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြစ်သည့် အသက် ၁၈ နှစ်အထက်အားလုံးကို ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ အပြီး ကာကွယ်ဆေး ထိုးနှံပြီးစီးရန် ရည်မှန်းချက်အား ရာနှုန်းပြည့်နီးပါး အကောင်အထည်ဖော်ရန်များစွာ အထောက်အကူပြုခဲ့ကြောင်း။

တပ်မတော်သားများသည် ၂၄ နာရီ တာဝန်ရှိသူများဖြစ်၍ တိုင်းပြည်တွင် ကျရောက်လာသည့် အဖျက်အမှောင့်နှင့် ဘေးအန္တရာယ်အမျိုးမျိုးကို ကာကွယ်နေသကဲ့သို့ တစ်ဖက်မှလည်း စားရေရိက္ခာ ပေါများရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တပ်ရင်း၊ တပ်ဖွဲ့ အလိုက်၊ တပ်နယ် အလိုက်ဆောင်ရွက်ကာ တပ်မိသား စုသာမက သက်ဆိုင်ရာ နယ်မြေအပေါ် အထောက်အပံ့ဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၊ နိုင်ငံသား၊ တပ်မတော်အတွက် အသက်ကိုစွန့်လွှတ်ရန် အဓိဌာန်ပြု သစ္စာကို နေ့စဉ်ရွတ်ဆို နေသူများဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်မှ၊ ပေးအပ်သည့် နေထိုင်စားသောက်မှုမှအစ ပညာရေး၊ ကျန်းမာရေးအဆုံး အကျိုးကျေးဇူးများအတွက် ကျေးဇူးတရားနှင့် သစ္စာကို ပြန်လည်စောင့်သိကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် စားရေး၊ ဝတ်ရေး၊ နေရေး၊ သွားလာရေး၊ ပညာရေး၊ ကျန်းမာရေးအထိ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ စစ်သည်မိသားစုများ အဆင်ပြေချောမွေ့စေရေး တာဝန်ရှိသူများက စနစ်တကျဖြင့် စီမံခန့်ခွဲပေးရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် တာဝန်ထမ်းဆောင်သူများ ကြောင့်ကျမှုကင်းစွာ တာဝန်ထမ်းဆောင်နိုင်ရေး ၎င်းတို့၏ မိသားစုများဘဝ လုံခြုံမှုရှိအောင် အမိအဘစိတ်ဓာတ်ဖြင့် စောင့်ရှောက်သွားရန်လိုကြောင်း၊ ရှိပြီးဖြစ်သည့် တပ်တွင်းစည်းလုံးညီညွတ်မှုကို ခိုင်မာအောင် ဆက်လက်တည်ဆောက် သွားရန်လိုကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုရှိသော အထက်အောက် ဆက်ဆံရေးရှိရန်လိုအပ်ပြီး မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းလုပ်ကိုင် ဆောင်ရွက်ကြရန်လိုကြောင်း။

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်၍ နိုင်ငံ၏ အကျိုးစီးပွားနှင့် ပတ်သက်လာပါက ပေးအပ်သောတာဝန်ကို လေ့ကျင့်သင်ကြားပေးထားသည့် စစ်ပညာများကို အသုံးချကာ ရဲရဲဝံ့ဝံ့ အောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဘိုးဘေးဘီဘင်များ အနှစ်နှစ်အလလ ထူထောင်တည်ဆောက်ခဲ့ရသော နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲနေရန် မိမိတို့နှင့်သက်ဆိုင်သည့် လုံခြုံရေးဆိုင်ရာ အသိသတိများဖြင့် မဆုတ်မနစ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ တိုင်းပြည်က အားထားရသော၊ ပြည်သူက အားကိုးရသော၊ တပ်မတော်က ဂုဏ်ယူအားထားရသော စစ်သည်တော်ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ထိုသို့ ပေးအပ်သောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်နှင့် မိမိ၏မိသားစုကို စောင့်ရှောက်နိုင်ရန်အတွက် ကျန်းမာကြံ့ခိုင်မှုသည် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် ကျန်းမာရန် လိုအပ်သကဲ့သို့ မိသားစုဝင်အားလုံး ကျန်းမာနေမှသာ ပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး လုပ်ငန်းတာဝန်အပေါ် စိတ်လက်ချမ်းသာစွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ချမှတ်ထားသည့် ကြံ့ခိုင်ရေးလမ်းညွှန်ချက်များ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများကို ကိုယ်စီလိုက်နာ စောင့်ထိန်း၍ ကျန်းမာသောဘဝ နေထိုင်စားသောက်မှုပုံစံဖြစ်အောင် ကျင့်ကြံသွားရန် လိုကြောင်းဖြင့် မှာကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်း တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အရာရှိ၊ စစ်သည်။ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ဘုတ်ပြင်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြည်သူများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များအား ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါအခြေအနေများအား မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ကော့သောင်းမြို့ရှိ နယ်မြေခံတပ်သို့ သွားရောက်၍ ဥစားကြက်၊ အသားတိုးကြက်၊ DYL ဝက်နှင့် နို့စားနွား မွေးမြူထားရှိမှု၊ ရာသီသီးနှံများ စိုက်ပျိုးမွေးမြူ ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။