Skip to main content

နွေရာသီအားကစားသင်တန်းနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ(ရန်ကုန်) ဖွင့်ပွဲကျင်းပ

ရန်ကုန် မေ ၁

နွေရာသီအားကစားသင်တန်းနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များ အနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချပြီး အားကစားပြုလုပ်သည်ကို ပျော်ရွှင်ခြင်းမှတစ်ဆင့် ဝါသနာပါရာ အားကစားနည်းကို အခြေခံမှစကာ စနစ်တကျ သင်ကြားခွင့်ရရှိမည် ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် အားကစားနည်း ၂၀ နည်းကိုအခြေခံမှစ သင်ကြားလေ့ကျင့်ပေးမည် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးက သင်တန်းဖွင့်အမှာ စကားပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန် အခြေခံအားကစားနည်း တစ်ရပ်ရပ်ကို လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးစသည့် ရည်ရွယ်ချက်ကောင်းများနှင့် ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် Mass Sports လို့ ခေါ်သည့် လူထုအားကစားလှုပ်ရှားမှုများကို တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်လာစေရန် စည်းရုံးဆောင်ရွက်ရေးနှင့် Excellent Sports ဆိုသည့် ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ မွေးထုတ်ပေးရေး၊ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများတွင် အဆင့်မြင့်မားစွာ ပါဝင်ယှဉ်ပြိုင်ရေးနှင့် အရှေ့တောင်အာရှမှသည် အာရှ၊ အာရှအဆင့်မှသည် ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရေး ပြောကြားသည်။

ထို့နောက် နွေရာသီအားကစား သင်တန်းသားသင်တန်းသူများက အားကစားသစ္စာအဓိဋ္ဌာန် လေးချက်ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာသွားကာ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်တို့မှ အားကစားသမားများက သရုပ်ပြသခဲ့ကြောင်း သိရသည်။

အာကာလင်း

ဓာတ်ပုံ-တင်စိုး