Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လအလိုက် ရာသီပွဲတော်များ၊ ပြပွဲ/ ပြိုင်ပွဲများ၊ အခမ်းအနားများကျင်းပခြင်းနှင့်စပ်လျဉ်း၍ နှစ်ပတ်လည် အစီအစဉ်များရေးဆွဲရေးဆိုင်ရာ အစည်းအဝေးသို့တက်ရောက်

နေပြည်တော် ဧပြီ ၂၉

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသော “တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လအလိုက်ရာသီ ပွဲတော်များ၊ ပြပွဲ/ ပြိုင်ပွဲများ၊ အခမ်းအနားများကျင်းပခြင်းနှင့် စပ်လျဉ်း၍ နှစ်ပတ်လည် အစီအစဉ်များ ရေးဆွဲရေးဆိုင်ရာ” အစည်းအဝေးသို့တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပွဲတော်များ၊ ပြပွဲ၊ ပြိုင်ပွဲများကို အစဉ်အမြဲသက်ဝင်လှုပ်ရှာနေပြီး ဆယ့်နှစ်လရာသီပွဲတော်များအဖြစ် ခရီးသွားများအတွက် လည်ပတ်စရာ ခရီးသွားဆွဲဆောင်မှုများဖြစ်နေစေရေး ပြင်ဆင်ကြရန်လိုအပ်ကြောင်း၊ ရှိနှင့်ပြီးသော ပွဲတော်များသို့ လာရောက်လည်ပတ်ခြင်းအပေါ် အခြေခံကာ အခြားခရီးသွားလုပ်ငန်း အမျိုးအစားများကိုလည်း ဆက်စပ်ဖော်ထုတ် ကြရန်လိုအပ်ကြောင်း၊ ထိုသို့ ဖော်ထုတ်ကြရာတွင်လည်း ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများအလိုက် ပြုလုပ်လေ့ရှိသော ရိုးရာပွဲတော်များ ကိုစုစည်း၍ ကျယ်ကျယ်ပြန့်ပြန့်ထည့်သွင်း ကျင်းပနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

နှစ်ပတ်လည် အစီအစဉ်များရေးဆွဲကြရာတွင် အစားအစာပွဲတော်များ၊ စျေးရောင်းပွဲတော်များ၊ အားကစားပြိုင်ပွဲများကဲ့သို့ အမှန်တကယ် စဉ်ဆက်မပြတ် ဖော်ဆောင်နိုင်သော ပွဲတော်များကို ထည့်သွင်းစဉ်းစားကြရမည့်အပြင် ကွယ်ပျောက်လုနီးပါးဖြစ်နေသော ပွဲတော်များ၊ ရိုးရာဓလေ့များ၊ အမွေအနှစ်များကိုလည်း ထိန်းသိမ်းဖော်ထုတ်သွား ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ကြရာတွင် ခရီးသွားဧည့်သည်များအတွက် အစားအစာများကအစ သန့်ရှင်းသပ်ရပ်ပြီး ဘေးကင်းစိတ်ချရသော ပတ်ဝန်းကျင်များနှင့် မိမိတို့ဖော်ဆောင်မည့် လှုပ်ရှားမှုများမှာ စိတ်ဝင်စားဖွယ်ကောင်းအောင် ဖန်တီးကြရန် လိုအပ်ပါကြောင်း၊ အလားတူ မိမိတို့၏ ခရီးစဉ်ဒေသများသို့ လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များကို ကောင်းမွန်သော ဝန်ဆောင်မှုများပေးစွမ်းနိုင်ရေးကိုပါ အလေးထား ပြင်ဆင်ကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် လအလိုက် ကျင်းပလေ့ရှိသည့် ရာသီပွဲတော်များ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် အခမ်းအနားများ ကျင်းပခြင်းကို အကြောင်းပြု၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက် နှစ်ပတ်လည်အစီ အစဉ်များ ရေးဆွဲဆောင်ရွက်ကြရာတွင် သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဒေသတွင်း အသင်းအဖွဲ့များဖြင့် ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာပြီး အားလုံးပါဝင် ပူးပေါင်းဆောင်ရွက်သွားကြရေး တွန်းအားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသောနယ်ရုံးခွဲ တာဝန်ခံများက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကျင်းပလေ့ရှိသော လအလိုက် ရာသီပွဲတော်များ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် အခမ်းအနားများကျင်းပခြင်း၊ ခရီးသွားလုပ်ငန်းအမျိုး အစားများနှင့် ဆက်စပ်ဖော်ထုတ် သွားနိုင်မည့် ပွဲတော်များ၊ ထပ်မံဖော်ထုတ်သွားမည့် အစီအစဉ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံ များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)