နေပြည်တော် ဧပြီ ၂၈
ပြည်ပမှ လေကြောင်းခရီးစဉ်များဖြင့် ဝင်ရောက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထပ်မံဖြေလျော့ပေးနိုင်ရေးအတွက် “နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များ ပြေးဆွဲရာတွင် RDT ဖြင့် ပြောင်းလဲစစ်ဆေးဆောင်ရွက်မည့် အစီအစဉ်နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရေးနှင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံအတွင်းသို့ ဝင်ရောက်ရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။
နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များ Commercial flight ကို ဧပြီ ၁၇ ရက်၊ (၀၀:၀၀) နာရီမှစ၍ ပြေးဆွဲဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၆ ရက်အထိ ဝင်ရောက်လာသူ ခရီးသည် (၄,၄၁၂) ဦးအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရသူ (၁၅) ဦး၊ ပိုးတွေ့ရာခိုင်နှုန်း (၀ ဒသမ ၃၄) ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပြီး အဆိုပါကာလအတွင်း ကယ်ဆယ်ရေးလေယာဉ် Relief flight ဖြင့် ဝင်ရောက်လာသူ ခရီးသည် (၉၉၀)အနက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရသူ (၆) ဦး၊ ပိုးတွေ့ရာခိုင်နှုန်း (၀ ဒသမ ၆၁) ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု နည်းပါးကြောင်း တွေ့ရကြောင်း။
နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များ Commercial flight များ ပြေးဆွဲခွင့်ပြုရာတွင် တွေ့ရှိရသော အတွေ့အကြုံများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် အခက်အခဲများပေါ် မူတည်၍ လေယာဉ်စီးခရီးသည်များအနေဖြင့် စောင့်ဆိုင်းချိန်နည်းပါးခြင်း၊ ကုန်ကျစားရိတ် သက်သာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည့် COVID19 Antigen Rapid Diagnostic Test (RDT)နည်းဖြင့် ပြောင်းလဲစစ်ဆေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ RDT ဖြင့် ပြောင်းလဲစစ်ဆေးဆောင်ရွက်မည့် အစီအစဉ်(မူကြမ်း)နှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ကျော်ထွန်းက ခရီးသည်ဦးရေနှင့်လျော်ညီမည့် ဝန်ဆောင်မှုများ အချိန်တိုအတွင်း ပေးအပ်နိုင်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး(ကူးစက်)က နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များ ပြေးဆွဲရာတွင် RDT ဖြင့် ပြောင်းလဲစစ်ဆေးဆောင်ရွက်မည့် အစီအစဉ်(မူကြမ်း)နှင့် နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရာတွင် ကြုံတွေ့ရသော အတွေ့အကြုံများနှင့် အခက်အခဲများကို လည်းကောင်း၊ အစည်းအဝေး တက်ရောက်လာသူများက ပြည်ပနိုင်ငံများမှ ဝင်ရောက်လာမည့် နိုင်ငံခြားသားများအား ခွင့်ပြုနိုင်သော ဗီဇာအမျိုးအစားများ၊ ခရီးသွားများအနေဖြင့် ကျန်းမာရေးအာမခံ (Health Insurance) လုပ်ငန်းများ ဆောင်ရွက်ရေး ကိစ္စရပ်များ၊ RDT နည်းဖြင့် စစ်ဆေးရာတွင် လေဆိပ်၌ မြန်မာကျပ်ငွေဖြင့် ငွေကြေးကောက်ခံမည့် လုပ်ငန်းစဉ်များ၊ လေယာဉ်ဆိုက်ရောက်ချိန်တွင် နိုင်ငံတကာငွေကြေးမှ မြန်မာကျပ်ငွေသို့ လဲလှယ်မှုလုပ်ငန်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ လေဆိပ်တွင် RDT နည်းဖြင့် စစ်ဆေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေး အဓိကထား ဆောင်ရွက်ရန်နှင့် စောင့်ဆိုင်းချိန် အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ထားရမည့် လုပ်ငန်းများ၊ ကျန်းမာရေးဝန်ထမ်းအင်အား ပိုမိုတိုးမြှင့်ကာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးမည့် လုပ်ငန်းများ၊ အရည်အသွေးပြည့်မီသော RDT test kit များ အသုံးပြု၍ စစ်ဆေးမည့် အစီအစဉ်များ၊ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူများတွင် သတ်မှတ်ထားသော အထောက်အထား၊ စာရွက်စာတမ်းများ အပြည့်အဝပါရှိစေရေးနှင့် မှန်ကန်မှု ရှိစေရေးအတွက် ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားရမည့် လုပ်ငန်းစဉ်များ၊ ခရီးသည်များအနေဖြင့် လိုအပ်သော သတင်းအချက်အလက်များကို အသိပေးကြေညာရေးနှင့် အထွေထွေညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ချက်များကို လည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညွှန်ကြားရေးမှူးချုပ်များ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိပြီး နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များဖြင့် ဝင်ရောက်လာကြမည့် ခရီးသည်များကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ RDT ဖြင့် စစ်ဆေးဆောင်ရွက်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်မှုခံယူ၍ နိုင်ငံတကာ လေကြောင်းခရီးစဉ်များကို ကိုဗစ်-၁၉ ရောဂါ ပြည်ဝင်ခွင့် လိုအပ်ချက်များနှင့်အညီ ဧပြီ ၁၇ ရက်မှစတင်၍ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပုံမှန်ပြန်လည် ပြေးဆွဲခွင့်ပြုခဲ့ရာ ပြန်လည်ရောက်ရှိလာသူများ၌ ရောဂါပိုးတွေ့ရှိမှု နည်းပါးကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လွယ်ကူမြန်ဆန်ပြီး ကုန်ကျစရိတ်သက်သာစေမည့် RDT နည်းဖြင့် ပြောင်းလဲစစ်ဆေးခြင်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်