Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေး သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ

နေပြည်တော် ဧပြီ ၂၈

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိပုဂ္ဂိုလ်များအား တွေ့ဆုံအမှာစကား ပြောကြားခြင်းနှင့် 19th Asian Billiards Championship နှင့် 37th Asian Men's Snooker Championship ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သော အားကစားသမားများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အားကစားကဏ္ဍအသီးသီးတွင် တာဝန်ယူ ဆောင်ရွက်နေသော အဖွဲ့ချုပ်များမှဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများသည် အဖွဲ့ချုပ်၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များဖြင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့မြင်ရပါကြောင်း၊ နိုင်ငံတော်၏ အားကစားကဏ္ဍ အောင်မြင်တိုးတက်စေရန် ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများကိုလည်း ဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်ရန် မှာကြားထားပြီး ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း မည်သည့်အဖွဲ့ချုပ်ကိုမဆို လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဖွဲ့ချုပ်ဥက္ကဋ္ဌများအနေဖြင့်လည်း မိမိအဖွဲ့ချုပ်ရှိ အားကစားသမားများတွင် အခက်အခဲများရှိပါက အဖွဲ့ချုပ်တာဝန်ရှိသူများမှတဆင့် အချိန်မရွေး တင်ပြနိုင်ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့်လည်း အကောင်းဆုံးပေါင်းစပ် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၀) ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ SEA Games တွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိသူများကို မြန်မာငွေကျပ်သိန်း (၃၀၀)၊ ကျပ်သိန်း (၂၀၀)၊ ကျပ်သိန်း (၁၀၀) ချီးမြှင့်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင် တစ်ဦးကောင်း တစ်ယောက်ကောင်း စိတ်ဓာတ်မမွေးဘဲ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် အားလုံးပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မှုဆုတံဆိပ်ကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ နိုင်ငံ့ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် နိုင်ငံတော်၏ဂုဏ်ကို မြင့်တက်စေရန်အတွက် ပြိုင်ပွဲတွင် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်ခဲ့ကြစေလိုကြောင်း၊ နောက်လာမည့် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အဆင့်မီပြီး အရည်အချင်းပြည့်ဝသည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ လူငယ်အားကစား လေ့ကျင့်ရေးစခန်း (Youth Camp) ဖွင့်လှစ်ပြီး အားကစားသမားများကို ပြုစုပျိုးထောင်လေ့ကျင့် ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် အားကစားအဖွဲ့ချုပ် တာဝန်ရှိသူများက ပြိုင်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားအင်အား အခြေအနေ၊ တည်းခိုနေထိုင်ရေးနှင့် သယ်ယူပို့ဆောင်ရေး (Transportation) ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးမှ ၂၀၂၂ ခုနှစ်၊ မတ်လတွင် ကာတာနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် 19th Asian Billiards Championship ပြိုင်ပွဲတွင် ပူးတွဲတတိယဆု ရရှိခဲ့သည့် မောင်ပေါက်စနှင့် 37th Asian Men's Snooker Championship ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိခဲ့သည့် မောင်အောင်ဖြိုးတို့ကို ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် (၁၀)သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်