နေပြည်တော် ဧပြီ ၂၇
(၁၈) ကြိမ်မြောက် ဦးဆောင် လမ်းညွှန်မှု ကော်မတီ (18th Meeting of the Steering Committee) အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲက ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) ရုံးချုပ်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ARMAC ၏ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံမှူးကြီး ဒေါ်ဧသန္တာ၊ ဒုတိယ အတွင်းဝန် ဒေါ်အေးသန္တာစိုးတို့နှင့်အတူ ARMAC ၏ Steering Committee ဝင်များဖြစ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်မြင့်အောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဗိုလ်မှူးကြီး ထင်အောင်ကျော် တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် နေပြည်တော်မှ တက်ရောက်သည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ ဦးဆောင်လမ်းညွှန် ကော်မတီဝင်ကိုယ်စားလှယ်များ၊ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) မှ Mr. Prum Suonpraseth (Executive Director, ARMAC) နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ ကြသည်။
အစည်းအဝေးတွင် ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်း ARMAC ၏ အထူးအစည်းအဝေး ကျင်းပရန်၊ ARMAC ၏ TOR နှင့် Mid-Term Review တို့ကို ဆောင်ရွက်ရန်၊ ARMAC ၏ လက်ရှိဖွဲ့စည်းပုံကို ပြင်ဆင်သုံးသပ်ရန်၊ ARMAC ၏ ငွေကြေးအထောက်အပံ့တို့ကို ကောင်းမွန်စေရန် ဆွေးနွေး အတည်ပြု ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်