ယခုလာမည့် ၂၀၂၃ ခုနှစ် လွတ်လပ်ရေးနေ့သည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်မှာ (၇၅) နှစ် စိန်ရတုမှသည် ရာပြည့်ကာလသို့ ခရီးဆက်တော့မည်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးနောက် နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်လာပြီဖြစ်သော်လည်း လွတ်လပ်ရေး အသီးအပွင့်များဖြစ်သည့် ငြိမ်းချမ်းသာယာဝပြောမှုကို အားလုံးတန်းတူခံစားရခြင်း မရှိသေးပေ။
လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများမှာ ယနေ့ထက်တိုင်အောင် အဆုံးမသတ်နိုင်သေးသည်မှာ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံတည်း ရှိမည်ဟု ဆိုရမလိုဖြစ်သည်။ တိုင်းပြည်ငြိမ်းချမ်းရေး မရရှိသေးသဖြင့် တောင်တန်း-မြေပြန့် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသောဒေသများတွင် တိုင်းရင်းသားပြည်သူများမှာ တိုက်ပွဲရှောင်နေကြရ၍ မိမိတို့၏ လူမှုစီးပွားဘဝများ တိုးတက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိပေ။ လက်နက်ကိုင်ပဋိပက္ခများကို ရှောင်ရှားနေရသဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အပြည့်အဝလုပ်ဆောင်နိုင်ခြင်း မရှိပေ။ အကျိုးရလဒ်မှာ ဒေသတွင်းနိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့် နိုင်ငံဖြစ်နေသည်။
ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည်ဖော်နိုင်မှသာ ဒီမိုကရေစီ၏ အနှစ်သာရ၊ လွတ်လပ်ရေး၏ အသီးအပွင့်များကို တိုင်းရင်းသားပြည်သူအားလုံး အပြည့်အဝရရှိခံစားနိုင်မည် ဖြစ်သည်။ ယခု ၂၀၂၂ ခုနှစ်သည် စိန်ရတုပြည်ထောင်စုနေ့ကာလဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို သက်သေထူနိုင်ခဲ့သည့် စိန်ရတုကာလဖြစ်သောကြောင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က “၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမည်”ဟု ပြောကြားထားသည်။
ထို့ကြောင့် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မိန့်ခွန်းပြောကြားရာ၌ “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင် တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်များနဲ့ ဆွေးနွေးမှုများ ပြုလုပ်သွားပါမယ်။ လိုအပ်ရင်လည်း ထပ်မံဆွေးနွေးမှုတွေကိုလည်း ပြုလုပ်သွားပါမယ်။ ဒီဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်များကိုယ်တိုင်နဲ့ အဖွဲ့ဝင်နှစ်ဦးစီ တက်ရောက်ပေးကြပါ”ဟု အသိပေး ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစဉ်အဆက်တောင်းဆိုလာခဲ့သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ခိုင်ခိုင်မာမာ အာမခံထားပြီးဖြစ်သည့် အပြင် ငြိမ်းချမ်းရေးကို အကြွင်းမဲ့လိုလားလျက်ရှိသည်။ ယခုအခါ ငြိမ်းချမ်းရေးကို မဖြစ်မနေရရှိရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်သောကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံးကို တိတိကျကျခိုင်ခိုင်မာမာ ဖိတ်ခေါ်လိုက်ပေသည်။ ယခုပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် ထူးခြားလေးနက်မှုအသွင်ကို ဆောင်နေပြီး ငြိမ်းချမ်းရေးလုပ်ငန်းများ ထိထိရောက်ရောက် ပြီးပြီးပြတ်ပြတ် ဆောင်ရွက်နိုင်ရန် ခေါင်းဆောင်များနှင့် တိုက်ရိုက်ဆွေးနွေးကြမည်ဖြစ်သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ကြမည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းအား မေလ ၉ ရက်နေ့ နောက်ဆုံးထားကာ ပြန်ကြားပေးရန် အကြောင်းကြားထားပြီး နှစ်ဖက်ညှိနှိုင်းပြီးနောက် သတ်မှတ်ရက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်သည်။ ယခုအခါတွင် မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသားပြည်သူများနှင့် အဖွဲ့အစည်းအသီးသီးတို့က ငြိမ်းချမ်းရေးကို ပြင်းပြစွာလိုလားလျက်ရှိသဖြင့် ယခုပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကြိုဆိုပါကြောင်း ဝမ်းမြောက်ဝမ်းသာ အသိပေးနေကြသည်။ ငြိမ်းချမ်းရေးကို အားလုံးကလိုလားကြသလို လက်ရှိအနေ အထားအရလည်း မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးကို မဖြစ်မနေရရှိနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရမည့်အချိန်အခါဖြစ်သည်။
သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာ ဝပြောပြီး နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်ရေး၊ တိုင်းရင်းသားပြည်သူအားလုံး ငြိမ်းချမ်းရေးအသီးအပွင့်များကို တန်းတူညီမျှ ရရှိခံစားနိုင်ရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် ငြိမ်းချမ်းရေးနှစ်တွင် ထာဝရငြိမ်းချမ်းရေး မနှေးအမြန်ရရှိစေရန် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း အားလုံးပါဝင်ဆွေးနွေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံ အယ်ဒီတာ့အာဘော်