နေပြည်တော် ဧပြီ ၂၇
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း နှင့် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် တို့သည် ဧပြီ (၂၅) ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)သို့ ရောက်ရှိစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ကျွမ်းကျင်ပညာရှင်များ၏ စစ်ဆေးတွေ့ရှိချက်များအပေါ် ပြုပြင်ဆောင်ရွက်ရန်အတွက် စိစစ်အတည်ပြုရန် လိုအပ်ကြောင်း၊ စိစစ်တွေ့ရှိချက်များအနက် စက်ရုံအစီစဉ်ဖြင့် ဆောင်ရွက်နိုင်သည်များကို စိစစ်၍ဆောင်ရွက်နိုင်ရေး စီမံရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ရေးဆွဲထားသည့် အချိန်ဇယားအတိုင်း ပြီးစီးမှုရှိအောင် ကြိုးပမ်းဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံခွဲအသီးသီးရှိ စက်ပစ္စည်းများ ပြီးပြတ်အောင် တပ်ဆင်နိုင်ခြင်းမရှိသည့် လုပ်ငန်းများကိုလည်း အချိန်မီပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့ အစည်းနှင့် အမြန်ဆုံးညှိနှိုင်းရန် လိုအပ်ကြောင်း၊ စက်ရုံရှိ တပ်ဆင်ထားရှိသည့် စက်ပစ္စည်းကိရိယာများ ပျက်စီးမှုမရှိစေရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် ဝန်ထမ်းအားလုံးမှ တက်တက်ကြွကြွဖြင့် ပူးပေါင်းဆောင် ရွက်ရမည်ဖြစ်ကြောင်း မှာကြားပြီး ပြည်ထောင်စုဝန်ကြီးသည် စက်ရုံခွဲ အသီးသီးရှိ စက်ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးသည်။
ဧပြီ ၂၆ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ နည်းပညာမြင့်မားသည့် စက်ပစ္စည်းများကိုအသုံးပြု၍ သံစိမ်းများကို ထုတ်လုပ်မည်ဖြစ်သဖြင့် မိမိတို့၏ အရည်အသွေးများကို တိုးတက်စေရေး စဉ်ဆက်မပြတ် လေ့လာသင်ယူနေရမည် ဖြစ်ကြောင်း၊ ပြည်ပကျွမ်းကျင်ပညာရှင်များထံမှ နည်းပညာလွှဲပြောင်း လက်ခံရယူနိုင်ရေး စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ လမ်းတံတား၊ ဆည်မြောင်း၊ တာတမံနှင့် အဆောက်အဦများ တည်ဆောက်ရာတွင် လည်းကောင်း၊ စက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း အရည် အသွေးရှိ သံနှင့် သံမဏိများသည် မရှိမဖြစ်လိုအပ်ကြောင်း၊ ထို့ကြောင့် သံနှင့်သံမဏိ ထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သည့် သံစိမ်းများ အောင်မြင်အောင် ထုတ်လုပ်နိုင်ရေး ကြိုစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ လိုအပ်သော သံနှင့်သံမဏိများကို ပြည်ပမှ တင်သွင်းနေရ၍ နိုင်ငံခြားငွေ အမြောက်အများ သုံးစွဲနေရကြောင်း၊ စက်ရုံမှထုတ်လုပ်မည့် သံစိမ်းများ၏ အရည်အသွေးစံချိန်စံညွှန်းများကို သတ်မှတ်ချက်အတိုင်း ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ စက်ရုံခွဲအသီးသီးရှိ နည်းပညာများကိုလည်း လက်ဆင့်ကမ်း ဆင့်ပွားပေးနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စက်ရုံခွဲ တာဝန်ခံများက စက်ရုံခွဲအသီးသီးရှိ ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအနေဖြင့် စီးပွားရေးလုပ်ငန်းအစီအစဉ် ရေးဆွဲရာတွင် ပါဝင်ရမည့် အချက်များ၊ ဆောင်ရွက်ရန် လုပ်ငန်းစဉ်အသေးစိတ်တို့ကို ရှင်းလင်းဆွေးနွေး၍ ဝန်ထမ်းများ၏ တင်ပြမေးမြန်းချက်များကို အသေးစိတ်ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)