မြောက်ဦး ဧပြီ ၂၇
ရခိုင်ပြည်နယ်၊ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် စုပေါင်းသန့်ရှင်း အမှိုက်ကောက် Campaign ကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး အဆိုပြုစာတွဲ (Nomination Dossier)ပါ စီမံခန့်ခွဲမှုအစီအစဉ်မှ တစ်ခုအပါအဝင်ဖြစ်သော အမွေအနှစ် ဒေသသန့်ရှင်းသာယာလှပရေး ဒေသခံပြည်သူလူထုပူးပေါင်း၍ အမှိုက်ကောက်သန့်ရှင်းရေး အစီအစဉ် (Campaign) ဆောင်ရွက်မှုကို မြောက်ဦးမြို့ရှိ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲ ဝန်ထမ်းများ ပူးပေါင်း၍ မြောက်ဦးယဉ်ကျေးမှုနယ်မြေ သျှစ်သောင်းဘုရား ဧရိယာတစ်ဝိုက်တွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးအစီအစဉ် (Campaign) သို့ ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်း၊ မြောက်ဦးလူငယ်များ အစည်းအရုံး (MUYA)၊ မြောက်ဦးအရပ်ဘက် အဖွဲ့အစည်းများ ကွန်ရက် (Mrauk UCSOs Network MUCN)၊ ကျွန်ုပ်တို့ ချစ်သောရခိုင်မြေ (We Love Rakhine) စသည့်အဖွဲ့များ ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ရခိုင်အဆိုတော် ဝင်းကိုခိုင်မှ စုပေါင်း အမှိုက်ကောက် လုပ်အားပေးနေရာသို့ လာရောက်အားပေး ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)