နေပြည်တော် ဧပြီ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်ရောဂါ ရှာဖွေရေးဓာတ်ခွဲခန်း(ရန်ကုန်)၏ တိရစ္ဆာန်ကူးစက်ရောဂါများ စူးစမ်းရှာဖွေခြင်းနှင့် အတည်ပြုပေးခြင်းလုပ်ငန်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ကျန်းမာရေးထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းများ၊ ရောဂါတုံ့ပြန်နိုင်မှု တိုင်းတာပေးခြင်း၊ ရောဂါစစ်ဆေးရန် ကွင်းဆင်းနမူနာကောက်ယူခြင်း၊ ရောဂါသုတေသနပြု ဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တိရစ္ဆာန်ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းအဆင့်(ISO/IEC 17025:2017)ရရှိရေးတို့ကို မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအုပ်စုရှိ မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန တိရစ္ဆာန်မွေးမြူမှု ဖွံ့ဖြိုးရေးဌာနစု(ပေါင်းငူ)သို့ ရောက်ရှိပြီး မျိုးသန့်နွားသိုးငယ်များ ပြုစုပျိုးထောင်ခြင်း၊ မျိုးရည်ခဲချောင်းထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ နိုက်ထရိုဂျင်ဓာတ်ငွေ့ရည် ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် နွားမေထုန်မဲ့သားစပ်ကျွမ်းကျင် သူသင်တန်း ဖွင့်လှစ်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မင်္ဂလာဒုံမြို့နယ် ပေါင်းငူပျားလုပ်ငန်းဌာနသို့ရောက်ရှိကြပြီး မွေးမြူရေးပျားရည်ဖြစ်ကြောင်း ထောက်ခံချက် ထုတ်ပေးခြင်းလုပ်ငန်း၊ အမျိုးသားဓာတ်ကြွင်းအဆင့် စောင့်ကြည့်ရေးအစီအစဉ်အတွက် နမူနာပျားရည်များ ကောက်ယူခြင်း၊ ဓာတ်ခွဲစမ်းသပ်ရန်ပေးပို့ခြင်း၊ မျိုးကောင်းမျိုးသန့် ပျားဘုရင်မများအား သဘာဝနည်းဖြင့် မွေးမြူခြင်းနှင့် မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များ၊ တိုင်းရင်းဆေးဝါးများအတွက်ပါ အသုံးပြုနေသည့် ပျားရည်များ၏ အစားအစာ ဘေးကင်းလုံခြုံရေးလိုအပ်ချက်များနှင့် တစ်နိုင်တစ်ပိုင် မွေးမြူသူများအား စီးပွားဖြစ်မွေးမြူ ထုတ်လုပ်နိုင်သည်အထိ အားပေးကူညီရန် လိုအပ်ချက်များကို မှာကြားသည်။
မှာကြား
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအုပ်စုရှိ နို့စားနွား မွေးမြူရေးသုတေသနနှင့် သရုပ်ပြခြံ၏ ဆောင်ရွက်ဆဲလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး နို့စားနွား မွေးမြူရေးဆိုင်ရာ နည်းပညာပြန့်ပွားရေး၊ သုတေသနလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရေး၊ တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးခြင်း၊ ရိတ်သိမ်းသယ်ယူကျွေးမွေးခြင်းစနစ်များ ဖွံ့ဖြိုးရေးစီမံဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်