ရန်ကုန် ဧပြီ ၂၆
ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၄)နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ကေတုမတီခန်းမ၌ ကျင်းပသည်။
တက်ရောက်
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ၊ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးဇော်ဇော်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ တက္ကသိုလ် သင်ကြားရေး/ စီမံဌာနများမှ ပါမောက္ခ ဆရာ ဆရာမ များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက ဝန်ကြီးဌာနအဖွဲ့အစည်း အသီးသီး၏ စီမံခန့်ခွဲအုပ်ချုပ်မှုပိုင်းတွင် အဓိကတာဝန်ထမ်းဆောင်နေပြီး အနာဂတ်တွင် ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် အဆင့်မြင့် အရာရှိကြီးများ၏ အရည်အသွေးများ မြင့်မားထက်မြက်လာပြီး မိမိတို့တာဝန်ယူရသည့် ဝန်ထမ်းအဖွဲ့အစည်းတွင် ဦးဆောင်နိုင်မှု စွမ်းရည်တိုးတက်လာစေရန်နှင့် အနာဂတ် ဝန်ထမ်းအဖွဲ့အစည်းအကြီး အမှူးကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် အစိုးရ၏ မူဝါဒများကို လက်တွေ့ အကောင်အထည်ဖော်ပေးနေသည့် အရာရှိကြီးများသည်လည်း ပြည်သူလူထုအတွက် ကောင်းမွန် ထိရောက်သည့် ဝန်ဆောင်မှုများကို သွက်လက်မြန်ဆန်စွာ ဆောင်ရွက် ပေးရန် တာဝန်ရှိကြသူများ ဖြစ်ကြောင်း၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသော ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို ဝန်ထမ်းကောင်း တစ်ဦးအနေဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းအကောင်အထည်ဖော်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၄)သို့ သင်တန်းသား ၁၅ ဦး၊ သင်တန်းသူလေးဦး စုစုပေါင်း ၁၉ ဦးနှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၁၇) သို့ သင်တန်းသား ၂၄ ဦး၊ သင်တန်းသူ ၁၉ ဦး စုစုပေါင်း ၄၃ ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ဧပြီ ၂၅ ရက်မှ ဇွန် ၁၇ ရက်ထိ ရက်သတ္တရှစ် ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်