နေပြည်တော် ဧပြီ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော် တာဝန်ယူသည့်ကာလ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး)တို့သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များကို သက်ဆိုင်ရာ တိုင်းရင်းသား ကျွမ်းကျင် ပညာရှင်များ ဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ၌ သင်ကြားပို့ချနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိသည်။
စီစဉ်ဆောင်ရွက်လျက်ရှိ
ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)သည် ကရင်၊ မွန်၊ ရခိုင်တိုင်းရင်းသားသုံးမျိုးတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များကို လည်းကောင်း၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) သည် ကချင်၊ ကယား၊ ချင်း၊ ရှမ်း တိုင်းရင်းသား လေးမျိုးတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များကို လည်းကောင်း သင်ကြားပို့ချနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့်အက ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများ ခန့်ထားရန်အတွက် ဝန်ထမ်းဖွဲ့စည်းပုံကိုလည်း တင်ပြခွင့်ပြု ချက်ရရှိခဲ့ပြီးဖြစ်သည်။
သင်ရိုးညွှန်းတမ်းပြုစုရေးဆွဲ
ယခုအခါ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ ကိုယ်စားလှယ်အဖွဲ့သည် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့တို့၏ အကူ အညီဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များနှင့် သွားရောက်တွေ့ဆုံ၍ တိုင်းရင်းသားတို့၏ ရိုးရာဂီတ နှင့် အကဘာသာရပ်များ သင်ကြားပို့ချနိုင်ရေး သင်ရိုးညွှန်းတမ်းပြုစုရေးဆွဲရန် ညှိနှိုင်းဆောင် ရွက်လျက်ရှိပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) သည်လည်း သင်ရိုးညွှန်းတမ်း ပြုစုရေးဆွဲ ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်