Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ကမ်းလွန်ရေနံ အခြေစိုက်စခန်း၏ လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၆

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတ မြို့နယ်ရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ကမ်းလွန်ရေနံအခြေစိုက်စခန်း၏ လုပ်ငန်းဆောင်ရွက်မှုကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ကမ်းလွန်ရေနံအခြေစိုက်စခန်း (သာကေတ)သို့ ရောက်ရှိပြီး ကမ်းလွန်အခြေစိုက် စခန်းအတွင်းရှိ ဆိပ်ခံတံတားများ အဆင့်မြှင့်တင်တည်ဆောက်ပြီးစီးမှု၊ စီမံကိန်း လုပ်ငန်းနေရာများ၊ ရေလုံသင်္ဘောကျင်း (Dry Dock)၊ ပစ္စည်းစီမံဌာနပိုက်စင်၊ ဂိုဒေါင်များနှင့် လုပ်ငန်းကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်မည့် အစီအမံများနှင့် သင်တန်းခန်းမတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ  မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မင်းနှင့်  စခန်းတာဝန်ခံ အထွေထွေမန်နေဂျာ ဦးတင်ထွန်းနိုင်တို့က လိုက်လံရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကမ်းလွန်ရေနံအခြေစိုက်စခန်း (သာကေတ)သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်ထုတ်လုပ်ရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပံ့ပိုးပေးနေသောဌာနတစ်ခုဖြစ်ပါကြောင်း၊ ရေနံလုပ်ငန်းသုံးပစ္စည်းများ ထိန်းသိမ်းသိုလှောင်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယာဉ်နှင့် ယန္တရားအရံပစ္စည်းများအား စနစ်တကျ စာရင်းဇယားဖြင့် ထိန်းသိမ်းခြင်း၊ ဖြန့်ဝေခြင်းနှင့် ဝယ်ယူဖြည့်တင်းခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ပြုစုထားရန်ဖြစ်ကြောင်း၊ လိုအပ်သော ရေနံမြေများကို အချိန်မီ ဖြန့်ဝေပေးနိုင်ရေး၊ စတိုလက်ကျန်ပစ္စည်းစာရင်းများ ဖြန့်ဝေထားရန် လိုအပ်ကြောင်း၊ စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်းအတွက် ကျွမ်းကျင်ဝန်ထမ်းများ ပြန်လည်စုစည်းကာ ဝန်ထမ်းများကို သင်တန်းများဖွင့်လှစ်ပို့ချရန်ဖြစ်ကြောင်း၊ လုပ်ငန်း သုံးနှင့်ဝန်ထမ်းအိမ်ရာများအတွက် လိုအပ်သော ရေသန့်အလုံအလောက်ရရှိရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ကမ်းလွန် ရေနံအခြေစိုက်စခန်း(သာကေတ)ဝန်းအတွင်းနှင့် ဝန်ထမ်းအိမ်ရာများတွင် သန့်ရှင်းသာယာလှပရေး၊ မီးဘေးအန္တရာယ်နှင့် လုံခြုံရေးသတိပြု ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မိမိတို့ အသုံးပြုလိုသော လက်ကျန်ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းရန်နှင့် မလိုအပ်သောပစ္စည်းများ စာရင်း ရှင်းလင်းပယ်ဖျက်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဆိပ်ခံတံတားများ၏ ကြံ့ခိုင်ရေး ပုံမှန်စစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းထားရှိရန်တို့ကို မှာကြားသည်။

ကမ်းလွန်ရေနံ အခြေစိုက်စခန်း(သာကေတ)သည် ကုန်းတွင်းနှင့် ကမ်းလွန်ရေနံ ရှာဖွေတူးဖော် ထုတ်လုပ်ခြင်းများ အောင်မြင်စွာ ပြုလုပ်နိုင် စေရန်အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး၊ ကုန်တွင်းနှင့် ကမ်းလွန်ရေနံရှာဖွေတူးဖော်ထုတ် လုပ်သည့် ပြည်တွင်း/ ပြည်ပမှ ဝယ်ယူထားသော လုပ်ငန်းသုံးပစ္စည်းများ လက်ခံသိုလှောင်၍ လိုအပ်သည့်နေရာဒေသများသို့ ထောက်ပံ့ပို့ဆောင် ဖြန့်ဖြူးပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနေသော Offshore Supply Base တစ်ခုဖြစ်သည်။

ထို့အပြင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့ထိန်း/ဖြန့်စခန်းများ၊ အသုံးချ သုတေသန၊ ပိုက်လိုင်းအခြေစိုက်စခန်းများ၊ အောက်မြန်မာပြည် ရေနံမြေအစမ်းတွင်း ဒေသများတွင် တည်ဆောက်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စက်ယန္တရား များ ထောက်ပံ့ပို့ဆောင် ပေးခြင်းလုပ်ငန်းများနှင့် လုပ်ငန်းပိုင်သင်္ဘောများ လွန်းတင်ပြုပြင်ခြင်း လုပ်ငန်းများကို ထောက်ပံ့ကူညီဆောင်ရွက် လျက်ရှိကြောင်း  သိရသည်။

(သတင်းစဉ်)