Skip to main content

ကမ္ဘာ့မူပိုင်ခွင့်နေ့ (၂၀၂၂) အထိမ်းအမှတ်အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၂၆

ကမ္ဘာ့မူပိုင်ခွင့်နေ့ (၂၀၂၂) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍  ကမ္ဘာ့မူပိုင်ခွင့်နေ့ အခမ်းအနားများကိုကျင်းပခဲ့ရာ ယခုအကြိမ်သည် (၈)ကြိမ် မြောက်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် ကျရောက်သည့် ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ်အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ဦးဆောင်ကျင်းပခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း။

မူပိုင်ခွင့်များကိုထိရောက်စွာ အကာအကွယ်ပေးနိုင်ခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ပေါ်ပေါက်လာစေနိုင်ခြင်း၊ အဆင့်မြင့်နည်းပညာများကို လွှဲပြောင်းရယူနိုင်စေခြင်းဖြင့် ကုန်ထုတ်လုပ်မှု မြင့်မား တိုးတက်လာနိုင်ခြင်း၊ တီထွင်ဖန်တီးသူနှင့် သုံးစွဲသူများအကြားအကျိုးအမြတ်ကို မျှတစွာခွဲဝေခံစား စေခြင်းအားဖြင့် စာပေနှင့် အနုပညာ၊ စက်မှုလက်မှုကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုများ ပေါ်ထွန်းလာနိုင်ခြင်းနှင့် လူနေမှုအဆင့်အတန်းမြင့်မားလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ရာ မူပိုင်ခွင့်ကဏ္ဍအနေဖြင့် နိုင်ငံ့စီးပွားရေးဖွံဖြိုး တိုးတက်နိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း။

ယခုနှစ်ကမ္ဘာ့မူပိုင်ခွင့်နေ့ ဆောင်ပုဒ်နှင့်အညီ ယနေ့ခေတ်လူငယ်များ အနာဂတ်ပိုမိုလှပစေမည့် ဆန်းသစ်တီထွင်မှုများ ဖန်တီးလာနိုင်စေရန် မူပိုင်ခွင့်အကာ အကွယ်ပေးခြင်း စနစ်တည်ထောင်ရာတွင် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်  ဒုတိယဝန်ကြီး ဦးညွန့်အောင်က အမှာစကားပြောကြားပြီး မူပိုင်ခွင့်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်က  ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့မှပေးပို့သည့် သဝဏ်လွှာ ကို ဖတ်ကြားသည်။

ယင်းနောက် ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ်လက်ရာများနှင့် မူပိုင်ခွင့်ဦးစီးဌာန၏ လှုပ်ရှားမှုမှတ်တမ်း Video Clip ကို ပြသသည်။

ထို့နောက် ကမ္ဘာ့မူပိုင်ခွင့်နေ့ (၂၀၂၂) အထိမ်းအမှတ် ကဗျာ၊ ပိုစတာနှင့် ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများနှင့် ဂုဏ်ပြုတေးရေးစပ်သီကုံးသူ၊ တီးခတ်ပေးခဲ့သူများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်  ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများက Inperson ဖြင့်လည်းကောင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် စီးပွားရေး လုပ်ငန်းရှင်များက Online ဖြင့်လည်းကောင်း တက်ရောက်ကြသည်။

ယခုနှစ် ကမ္ဘာ့မူပိုင်ခွင့်နေ့ ဆောင်ပုဒ်မှာ IP and Youth; Innovating for A Better Future “မူပိုင်ခွင့်နှင့် ယနေ့လူငယ်၊ အနာဂတ်လှပစေဖို့ ဆန်းသစ် တီထွင်ကြပါစို့” ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)