နေပြည်တော် ဧပြီ ၂၆
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအတွက် လိုအပ်သော ကျောက်မီးသွေး ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း ဆောင်ရွက်ချက်များတွင် အဂတိလိုက်စားမှုများ ရှိနေသောကြောင့် ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီ တစ်ခုတို့သည် တီကျစ်ကျောက်မီးသွေး အကြီးစားထုတ်လုပ်မှုအပေါ် နိုင်ငံတော်မှ ၃၀ ရာခိုင်နှုန်း၊ ပုဂ္ဂလိကမှ ၇၀ ရာခိုင်နှုန်းဖြင့် ခွဲဝေခံစားသည့် လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံတော်သို့ ပေးသွင်းသည့် ဓာတ်သတ္တုခွန် နှစ်ရာခိုင်နှုန်းကို ဓာတ်သတ္တုများရောင်းချသည့်အခါ ပြောင်းလဲလာသည့် နှစ်အလိုက်သတ်မှတ်ထားသည့် ဓာတ်သတ္တုထုတ်လုပ်မှု တစ်တန်ရောင်းဈေး (၂၀၁၈-၂၀၁၉ ခုနှစ်တွင် တစ်တန်လျှင် ငွေကျပ် ၄၈,၁၀၀၊ ၂၀၁၉-၂၀၂၂ ခုနှစ်အထိ တစ်တန်လျှင် ငွေကျပ် ၅၆,၅၀၀ ) အပေါ် ပြင်ဆင်ကောက်ခံရ မည်ဖြစ်သော်လည်း ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပပြုလုပ်သည့် ဝန်ကြီးဌာနစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ၁/၂၀၁၇ ဆုံးဖြတ်ချက်အတိုင်း ကျောက်မီးသွေးထုတ်လုပ်မှု တစ်တန်ရောင်းဈေး ငွေကျပ် ၁၂,၀၀၀ နှုန်းအပေါ်တွင်သာ တွက်ချက်ကောက်ခံခဲ့သောကြောင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိနှစ်အလိုက် ထုတ်လုပ်သည့် ကျောက်မီးသွေး တန်ချိန် ၂၃ သိန်းကျော်အတွက် ဓာတ်သတ္တုခွန် ငွေကျပ်သန်း ၁,၉၀၀ ကျော်နှင့် နိုင်ငံတော်မှရရှိမည့် ထုတ်လုပ်မှုအချိုး ၃၀ ရာခိုင်နှုန်းအပေါ် ငွေကျပ်သန်း ၁၄,၀၀၀ ကျော် လျော့နည်းရရှိခဲ့ပြီး နိုင်ငံတော်မှ စုစုပေါင်း ငွေကျပ်သန်း ၁၅,၉၀၀ကျော် နစ်နာမှုဖြစ်ပေါ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ စာချုပ်ချုပ်ဆိုစဉ် လက်မှတ်ရေးထိုးပြီး လုပ်ငန်းအကောင်အထည် ဖော်မှုများ အပေါ်ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသည့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ဆန်းနှင့် နိုင်ငံတော်နစ်နာမှုများဖြစ်စေရန် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီဥက္ကဋ္ဌ ဦးချစ်ခိုင်တို့အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရလည်းကောင်း။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီတို့သည် ကျောက်မီးသွေးဝယ်ယူခြင်း စာချုပ်ချုပ်ဆိုရာတွင် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ တစ်တန်ဈေးနှုန်း တွက်ချက် သတ်မှတ်ရာ၌ ထုတ်လုပ်မှုပမာဏကို စာချုပ်ပါတစ်ရက် ပုံမှန်ထုတ်လုပ်ပေးသွင်းနိုင်စွမ်းရှိသည့် တန်ချိန် ၂,၀၀၀ ဖြင့် လျာထားတွက်ချက်မှုမပြုဘဲ တစ်ရက်တန်ချိန် ၁,၇၅၀ ဖြင့် ထုတ်လုပ်မှု လျော့နည်းတွက်ချက်၍ တစ်တန် ဈေးနှုန်းတိုးမြှင့်တင်ပြခဲ့ခြင်းကြောင့် တစ်တန်လျှင် ငွေ ၅,၈၀၉ ဒသမ ၁၂ ကျပ်နှုန်း ပိုမိုကုန်ကျခဲ့၍ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဌာနမှ ဝယ်ယူခဲ့သည့် တန်ချိန် ၁၄ သိန်းကျော်အတွက် ငွေကျပ် ၈,၂၀၀ သန်းကျော်နှင့် တစ်တန်ဈေးနှုန်းတွင် ကုမ္ပဏီမှ ပေးဆောင်ရမည့် ဝင်ငွေခွန်ကို ထည့်သွင်းတွက်ချက်ပေးခဲ့သဖြင့် ဝင်ငွေခွန် ငွေကျပ်သန်း ၁,၂၀၀ ကျော်၊ စုစုပေါင်း ငွေကျပ်သန်း ၉,၄၀၀ ကျော် နိုင်ငံတော်မှနစ်နာခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ စာချုပ်ပါ သတ်မှတ်ချက်အတိုင်း လိုက်နာအကောင်အထည်ဖော်ရန်နှင့် ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသည့် လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးနှင့် နိုင်ငံတော်နစ်နာမှုများဖြစ်စေရန် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမင်းခိုင် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် ယမန်နေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရား စွဲဆိုအရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။
(သတင်းစဉ်)