Skip to main content

လယ်ယာကဏ္ဍတွင် စက်မှုလယ်ယာစနစ် အပြည့်အဝအသုံးပြု ဆောင်ရွက်နိုင်ရေး ညှိနှိုင်းစည်းဝေး

နေပြည်တော် ဧပြီ ၂၂

ထွန်ယက်စိုက်ပျိုးသည်မှ ရိတ်သိမ်းခြွေလှေ့ သိုလှောင်သည်အထိ စက်မှုလယ်ယာစနစ် အပြည့်အဝ အသုံးပြုဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး ရုံးအမှတ် (၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ တက်ရောက်ကြသည်။

မဖြစ်မနေဆောင်ရွက်ရန်လိုအပ်

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက နှစ်စဉ်တိုးတက်နေသည့် လူဦးရေအတွက် လိုအပ်လာသည့် စားနပ်ရိက္ခာ ဖြည့်ဆည်းပေးနိုင်ရေး၊ ဖောက်ပြန်ပြောင်းလဲလာသော ရာသီဥတုကြောင့် စိုက်ပျိုး ရိတ်သိမ်းမှုလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေးနှင့် လယ်ယာလုပ်သားရှားပါးလာမှု အခြေ အနေများ ကျော်လွှားနိုင်ရေးတို့အတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲ ကျင့်သုံးရေးမှာ မဖြစ်မနေဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ မိမိတို့ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် လယ်ယာသုံးစက်ကိရိယာများ ဖြစ်စေရေးအတွက် လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်သူများအနေဖြင့် စဉ်ဆက်မပြတ် လေ့လာတီထွင်ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ တောင်သူများလက်ဝယ်ရှိ လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျ အသုံးပြုနိုင်စေရေးနှင့် ပြုပြင်ထိန်းသိမ်းမှု နည်းစနစ်များ အသုံးပြုနိုင်စေရေးအတွက် လေ့ကျင့်ပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်လိုကြောင်း၊ စနစ်ကျစက်မှုလယ်ယာမြေများ တိုးတက် ပေါ်ထွန်းလာစေရေးနှင့် ရွှေ့ပြောင်းတောင်ယာများ နေရာတွင် အတည်တကျ စိုက်ပျိုးလုပ်ကိုင်နိုင်မည့် လှေကားထစ်နှင့် ကုန်းမြင့်လယ်ယာ မြေများအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်စေရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြသည်။

လေလွင့်ဆုံးရှုံးမှုလျော့ပါးစေရန်

လယ်ယာကုန်ထုတ်စွမ်းအား မြင့်မားစေရန် လေလွင့်ဆုံးရှုံးမှုလျော့ပါးစေရန်နှင့် အရည်အသွေးမီ ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် စက်မှုလယ်ယာ ကဏ္ဍဖွံ့ဖြိုးလာရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တွန်းအားပေးဆောင်ရွက် လျက်ရှိသကဲ့သို့ ဝန်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ပုဂ္ဂလိကစက်မှုလယ်ယာ ဝန်ဆောင်မှုအသင်းများဖွဲ့စည်း ဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ ပုဂ္ဂလိက စက်မှုလယ်ယာဝန်ဆောင်မှု အသင်း ၁၃၆ သင်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူနှင့် ပုဂ္ဂလိကများအားလုံးအတွက် လယ်ယာသုံး စက်ကိရိယာဆိုင်ရာကျွမ်းကျင်မှု မြင့်မားလာရေးအတွက် ဝန်ကြီးဌာနက ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး စက်မှုလယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူများအတွက် စက်မှုလယ်ယာဦးစီးဌာနက စက်မောင်း စက်ပြင်သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကာ နိုင်ငံတကာ အသိအမှတ်ပြု ကျွမ်းကျင်မှု လက်မှတ်ရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံ လုပ်သား များ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့(National Skills Standards Authority-NSSA)နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အခြားတစ်ဖက်တွင်လည်း စက်မှုလယ်ယာဆိုင်ရာ သုတေသန လုပ်ငန်းများဖွံ့ဖြိုးရေးနှင့် စက်မှုလယ်ယာအခြေခံသော အသက်မွေးဝမ်းကျောင်းပညာရပ်များ တိုးတက် မြင့်မားရေးအတွက် ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်ရေးကိုလည်း ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်