နေပြည်တော် ဧပြီ ၂၂
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဦးအောင်မျိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်၊ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့်အတူ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ်သံဃာ့ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဂန္တဝါစကပဏ္ဏိတဘဒ္ဒန္တဓမ္မိကထံ သွားရောက်ဖူးမြှော်ခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆရာတော်ကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြောက်ဦးမြို့သို့ရောက်ရှိပြီး မြောက်ဦးမြို့ မြို့တော်ခန်းမတွင် မြောက်ဦးခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အမွေအနှစ်တစ်ခုဖြစ်ရန်အတွက် ယဉ်ကျေးမှုကဏ္ဍဆိုင်ရာ သတ်မှတ်ထား သော စံနှုန်း(၆)ချက်ရှိရာ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို စံနှုန်း(၃၊ ၄) တို့ဖြင့် ကိုက်ညီကြောင်းကို အဆိုပြုစာတွဲတွင် ဖော်ပြခဲ့ပါကြောင်း၊ ICOMOS မှ ကျွမ်းကျင်ပညာရှင်များ၏ အကဲဖြတ်ချက်များအပေါ် မူတည်၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ (သို့မဟုတ်) ဇူလိုင်လတွင်ကျင်းပမည့် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးတွင် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် အဆုံးအဖြတ်ပေးမည်ဖြစ်ပါကြောင်း၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား UNESCO မှ အကဲဖြတ် စစ်ဆေးမည့်ပညာရှင်များ လာရောက်ခြင်းမပြုမီ ကြိုတင်ပြင်ဆင်လုပ်ကိုင် ဆောင်ရွက်ရမည့်ကိစ္စရပ်များ ဆောင်ရွက်ထားရန် လိုအပ်လျက်ရှိပါ ကြောင်း။
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေးအတွက် ဒေသခံများက တက်ကြွစွာ ပူးပေါင်းဆောင် ရွက်ကြရန် လိုအပ်လျက်ရှိပြီး မိမိတို့ဝန်ကြီးဌာန အနေဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သည့် အရာရှိကြီးများကိုလည်း အလှည့်ကျဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တာဝန်ခွဲဝေပေးထားပြီး ဖြစ်ပါကြောင်း၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အစွမ်းကုန်ကြိုးစားလျက်ရှိပြီး ပြည်နယ်အစိုးရ ကလည်း လိုအပ်သည့် အထောက်အပံ့အကူအညီများ ပေးလျက်ရှိပါကြောင်း၊ ဒေသခံများမှလည်း မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးကို လိုလားလျက်ရှိပြီး အားတက်သရော ဝိုင်းဝန်းဆောင်ရွက်နေသည်ကိုလည်း မြင်တွေ့ရပါကြောင်း၊ နိုင်ငံတော်အစိုးရ ဆောင်ရွက်သမျှအားလုံးကို အတိုက်အခံပြုနေသော၊ အမြဲဆန့်ကျင်ကန့်ကွက်နေသော ပြည်ပနိုင်ငံအချို့နှင့် တရားမဝင် အဖွဲ့အစည်းအချို့က၊ အနှောက်အယှက်ပေးခြင်းများ ဆောင်ရွက်လာနိုင်ပြီး မိမိတို့ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် အဟန့်အတား ဖြစ်လာနိုင်သည် ကိုလည်း ကြိုတင်တွေးဆထားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က မြောက်ဦးဒေသကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းရေးလုပ်ငန်းများ အတွက် ကော်မတီများနှင့် ဆပ်ကော်မတီများဖွဲ့စည်းခြင်း၊ အဆောက်အအုံဆောက်လုပ်ရာတွင် လိုက်နာရမည့်စည်းမျဉ်း၊ စည်းကမ်းများနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ မြောက်ဦးဒေသအတွက် ရေးဆွဲထားသည့် အစီအစဉ် (Plan)၊ စီမံခန့်ခွဲမှု မူဘောင်နှင့် အချိန်ကိုက် စီမံခန့်ခွဲရမည့်အစီအစဉ်၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ကမ္ဘာ့အမွေအနှစ် အကျိုး ကျေးဇူးများအကြောင်းကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများကို တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆွေးနွေးပြီး နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဦးခေတ်တွင် ဘုရင်မင်းဗာကြီး တည်ထောင်ခဲ့သည့် လက်ဆည်ကန်နှင့် အနုမကန်သို့ ရောက်ရှိပြီး သဘာဝရေကန်များကို မြောက်ဦးမြို့တော်၏ ကာကွယ်ရေးနှင့် မြို့နေလူထုအသုံးပြုရန်အတွက်ပါ ရည်ရွယ်ဆောင်ရွက်ခဲ့သည့် အတွက် ယနေ့ထိတိုင် အသုံးဝင်နေဆဲဖြစ်ကြောင်း၊ ထိုသို့ ထူးခြားသည့်အမွေအနှစ်ကို ပြန်လည်ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း၊ ပြည်တွင်း ပြည်ပပညာရှင်များ၏ အကြံပြုချက်များနှင့်အညီ စနစ်တကျထိန်းသိမ်းခြင်းဖြင့် ရေရှည်တည်တံ့စေရန်အတွက် လိုက်နာဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
ထို့နောက် မြောက်ဦးမြို့ရှိ မာရ်ငါးပါး ဘုရားတစ်ဆူဖြစ်သော ဇိနမာရ်အောင်ဘုရားသို့ လည့်လည် ဖူးမျှော်ပြီး ဂေါပကအဖွဲ့သို့ ဘက်စုံပြုပြင် မွမ်းမံရန်အတွက် အလှူငွေ ကျပ်ငါးသိန်းကို လည်းကောင်း၊ AD - ၁၅၃၅ ခုနှစ်တွင် ဘုရင်မင်းဗာကြီးတည်ထားခဲ့သည့်သျှစ်သောင်း ပုထိုးတော်ကြီးအား လှည့်လည်ဖူးမြှော်ပြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် ဂေါပကအဖွဲ့သို့ အလှူငွေ ကျပ်ငါးသိန်းကိုလည်းကောင်း လှူဒါန်းခဲ့ပြီး အာရှပစိဖိတ်ဒေသ မှတ်တမ်းအမွေအနှစ် စာရင်းဝင် အာနန္ဒစန္ဒြကျောက်စာကို လှည့်လည်ကြည့်ရှုခဲ့ပါကြောင်း သိရသည်။
(သတင်းစဉ်)