Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှုအစည်းအဝေး တက်ရောက်

နေပြည်တော် ဧပြီ  ၂၂

မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှုအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ COVID-19 Command Center အစည်းအဝေးခန်းမ Virtual စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများအပါအဝင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ လက်ရှိကာလတွင် ရောဂါကူးစက်မှုအခြေအနေကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်လျက်ရှိကာ ဖြေလျှော့မှုများ လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအချိန်အခါသည် ပုံမှန်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး လုပ်ငန်းများအား အရှိန်အဟုန် မြှင့်တင် ကာ ဆောင်ရွက်ရမည့်အချိန်ဖြစ်ပါကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုနှင့်တစ်ခု ဖြစ်ပွားနိုင်သော ဘေးအန္တရာယ်အမျိုးအစားနှင့် ဖြစ်ပွားနိုင်မှုအတိုင်းအတာ ကွာခြားမည်ဖြစ်ပါ၍ မိမိတို့ဒေသအလိုက်၊ မြို့နယ်အလိုက် ဖြစ်ပေါ် လာနိုင်သော ဘေးအန္တရာယ်အမျိုးမျိုးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိုးကြို/မိုးရာသီကာလတွင် မုန်တိုင်းတိုက်ခြင်း၊ လေပြင်းတိုက်ခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်း ဘေးအန္တရာယ်များ ဖြစ်ပွားလေ့ရှိပြီး ယခုနှစ်တွင် လာနီညာ ရာသီဥတုဖြစ်စဉ်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ပိုမိုကြုံတွေ့ရနိုင်သည်ဖြစ်၍ ဆေးရုံများရှိ လူနာနှင့် လူနာစောင့်များ ဘေးအန္တရာယ်ကင်းစေရေး၊ ကျန်းမာရေးဌာန အဆောက်အဦများ ဘေးကင်းစေရေး၊ ဆေးနှင့် ဆေးပစ္စည်းများ မပျက်စီးစေရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုနှင့် ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ရန် အရေးကြီးပါကြောင်း။

အသက်အရွယ်ကြီးသူများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ ယာယီစခန်း (IDP Camp) များတွင် နေထိုင်ရသူများ စသည့် ထိခိုက်လွယ်အုပ်စု (vulnerable group) များတွင် ဘေးအန္တရာယ်ကြောင့် ပိုမိုထိခိုက်နိုင်ကာ ကျန်းမာရေးပြဿနာများလည်း ပိုမိုဖြစ်ပွားနိုင်သည် ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဖြစ်ပွားမှု၏ နောက်ဆက်တွဲအဖြစ် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါ၊ မြွေကိုက်ခံရမှုအစရှိသည့် ကျန်းမာရေးပြဿနာများ ပေါ်ပေါက်လာနိုင်သောကြောင့် ရေသန့်စင်ဆေးပြားများ၊ ဓာတ်ဆားများ၊ မြွေဆိပ်ဖြေဆေးများ အပါအဝင် ဆေးဝါးနှင့် ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိရမည်ဖြစ်ပါကြောင်း။

အလားတူ မိုးရာသီကာလတွင်ဖြစ်ပွားမှုများပြားသော သွေးလွန်တုပ်ကွေးရောဂါ၊ ရာသီတုပ်ကွေးရောဂါနှင့် အခြားကူးစက်ရောဂါများအတွက် ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် အသင့်ပြင်ဆင်ထားရှိသော ဘေးအန္တရာယ်ဆိုင်ရာသုံး ဆေးသေတ္တာပုံးများတွင် ဆေးဝါးများမပြတ်လပ်စေရေး ဖြည့်ဆည်းထားရမည် ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ကျရောက်ချိန်တွင် ကွပ်ကဲကြီးကြပ်မှုနှင့် ချိတ်ဆက်ဆောင်ရွက်မှုများသည် အရေးကြီး၍ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ အရေးပေါ်အခြေအနေ ကွပ်ကဲမှုစင်တာများတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများ၏ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေကွပ်ကဲမှုစင်တာများကိုလည်း အသင့်အနေအထားဖြစ်နေစေရန် စီမံဆောင်ရွက်ထားရမည်ဖြစ်၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team) များကို ခရိုင်/ မြို့နယ်အဆင့်များအထိ အသင့်အနေအထား ဖွဲ့စည်းလေ့ကျင့်ထားရမည် ဖြစ်ပါကြောင်း။

ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့၏ ကျန်းမာရေးဝန်ထမ်းများ ဘေးအန္တရာယ် ကင်းရှင်းစေရေး (safety) ကိုလည်း အမြဲအလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝယ်ယူဖြန့်ဝေပေးထားသော အသက်ကယ်အင်္ကျီ (life jacket) များကိုလည်း ရေကြီးရေလျှံဖြစ်ပွားရာဒေသများတွင် အသုံးပြုနိုင်ရေးအတွက် အောက်ခြေအဆင့်အထိ ရောက်အောင် ဖြန့်ဖြူးထားရှိရမည်ဖြစ်ပါကြောင်း။

လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည်များကို ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံး ပံ့ပိုးပေးမည်ဖြစ်ကာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများအနေဖြင့် အကျိုးရှိထိရောက်စွာ အသုံးပြုဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သဘာဝဘေးနှင့်ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတုံ့ပြန်ဆောင်ရွက်ရေးဌာနခွဲက (၂၀၂၁) ခုနှစ်မှ ယခုအထိဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)