Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ (World Travel and Tourism Council-WTTC)၏ (၂၁)ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းညီလာခံသို့ တက်ရောက်

နေပြည်တော် ဧပြီ ၂၂

ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှု၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ (World Travel and Tourism Council-WTTC)၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၂၁)ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်ဦးဆောင်၍  ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။

အဆိုပါညီလာခံသို့ နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ကဏ္ဍများ၌ ဆောင်ရွက်နေသော အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၊ ကျွမ်းကျင် ပညာရှင်များ တက်ရောက်ကြသည်။

ညီလာခံကို ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအကြား တူညီသောစာနာမှုနှင့် တန်ဖိုးထားမှု၊ ရည်မှန်းချက်များကို အခြေခံ၍ လူ့အဖွဲ့အစည်း၊ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးကဏ္ဍများတွင် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ဝိုင်းဝန်းဖြေရှင်းနိုင်ရန်၊ အနာဂတ်တွင် ရေရှည်တည်တံ့ပြီး ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်း၏ အောင်မြင်မှုများကို မျှဝေခံစားနိုင်ရန် ရည်ရွယ်၍ “REDISCOVERING TRAVEL” ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်သည်။ ညီလာခံတွင် ခရီးသွားလုပ်ငန်း များရပ်တန့်ရာမှ ပြန်လည် စတင်နိုင်မည့် လမ်းကြောင်းအသစ်များ ဖော်ထုတ်ခြင်း၊ ဘဏ္ဍာရန်ပုံငွေ ထူထောင်ခြင်း၊ ခရီးသွားလာရာတွင် ယုံကြည်စိတ်ချမှု ရှိစေခြင်းနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ရည်မှန်းချက်များအောင်မြင်ရေးနှင့် ပြန်လည် ဆန်းသစ်ခြင်း၊ သယ်ယူ ပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေခြင်း၊ အဆင့်မြင့်ခရီးသွားလုပ်ငန်း ဈေးကွက်အခြေအနေများအား သုံးသပ်ခြင်း နှင့် ခရီးသွားလုပ်ငန်းပြန်လည်ပုံဖော်ခြင်း အစရှိသည့် ကဏ္ဍများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ (World Travel & Tourism Council- WTTC) ဥက္ကဋ္ဌ Mr. Arnold Donald က WTTC သည် ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တစ်ဖက် တစ်လမ်းမှ ရပ်တည်ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန်တွင် ကမ္ဘာ့နိုင်ငံများမှ ခရီးစဉ်ဒေသများ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေးအတွက် အာရှ-ပစိဖိတ်ဒေသသည် များစွာအရေးပါကြောင်း၊ အနာဂတ်ကာလခရီးသွားလုပ်ငန်းအားပိုမို၍ ရေရှည်တည်တံ့စေရန်နှင့် အားလုံးပါဝင်ဆောင်ရွက်နိုင်သော ကဏ္ဍဖြစ်စေရန် ပုံဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံ၊ ခရီးသွားလုပ်ငန်းဝန်ကြီး Ms. Bernadette Romulo-Puyat က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားများ၏ အပြုအမူနှင့် ကြိုက်နှစ်သက်မှုများမှာလည်း ပြောင်းလဲလျက် ရှိပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် ယဉ်ကျေးမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ရာ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Ms. Julia Simpson က ကိုဗစ်-၁၉ ကာလ အလွန်တွင် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ ခရီးသွားဧည့်သည် များအတွက် လိုက်နာဆောင်ရွက်ရမည့် စံသတ်မှတ်ချက်များကို ကမ္ဘာ့နိုင်ငံများအားလုံး တပြေးညီ သတ်မှတ်နိုင်ပါက ခရီးသွားဧည့်သည်များ ပိုမိုလွယ်ကူ အဆင်ပြေစွာ သွားလာလည်ပတ်နိုင်မည် ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် ဒစ်ဂျစ်တယ်နည်းပညာကို အကျိုးရှိစွာအသုံးချရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ခရီးသွား ဧည့်သည်များ၏ ယုံကြည်မှုကို တည်ဆောက်ရမည်ဖြစ်ပါ ကြောင်းနှင့် အနာဂတ်ကာလ ခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ လေကြောင်းလိုင်းများမှ တာဝန်ရှိသူများ၊ ပညာရှင်များနှင့် အစိုးရပိုင်းမှ အဆင့်မြင့် အရာရှိကြီးများက ခရီးသွားလုပ်ငန်းဆိုင်ရာ မဟာဗျူဟာ နှင့်စပ်လျဉ်းသည့် အမြင်သဘောထားများကို ဆွေးနွေးဖလှယ် ကြကာ ညီလာခံပထမနေ့ အစီအစဉ်ကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့သည်။

ညီလာခံဒုတိယနေ့အစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ ခရီးသွားလုပ်ငန်း ပြန်လည်စတင်ဆောင်ရွက်နိုင်ရေး၊ လူသားချင်းစာနာထောက်ထားရေး၊ အနာဂတ်ကာလတွင် ခရီးသွားလုပ်ငန်းများ ရေရှည်တိုးတက်စေရေးအစရှိသော ခေါင်းစဉ်များ အပေါ် နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ၊ ဟိုတယ်များ၊ လေကြောင်းလိုင်းများ၊ ခရီးသွားကုမ္ပဏီများ အစရှိသော ပုဂ္ဂလိကခရီးသွားကဏ္ဍမှ တာဝန်ရှိသူများက ပါဝင်ဆွေးနွေးကြသည်။

ထို့နောက် ဖိလစ်ပိုင်နိုင်ငံ၊ ခရီးသွားဝန်ကြီး Ms. Bernadette Romulo-Puyat၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းကောင်စီ (World Travel & Tourism Council-WTTC) မှ ဥက္ကဋ္ဌ Mr. Arnold Donald နှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိ Ms. Julia Simpson တို့က နိဂုံးချုပ် အမှာစကားများပြောကြားကာ မွန်းလွဲပိုင်းတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ ခရီးသွား အရင်းအမြစ်နှင့် ခရီးသွားဆွဲဆောင်မှုများ ကြွယ်ဝသော မြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာမှ ခရီးသည်များကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လာရောက်လည်ပတ် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ဤကမ္ဘာလုံး ဆိုင်ရာ ခရီးသွားကွန်ဖရင့်မှ ဖော်ထုတ်ဆွေးနွေးချက်များကို ရယူပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် အနာဂတ်ခရီးသွားလုပ်ငန်း ရေရှည် တည်တံ့ဖွံ့ဖြိုးတိုးတက်စေရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်