နေပြည်တော် ဧပြီ ၂၁
အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Centeron Integrated Rural Development for Asia and the Pacific - CIRDAP)၏ (၂၃)ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေး (23rd Governing Council (GC-23) Meeting) ကို ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူ၍ Virtual Meeting အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ (၂၃)ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီ၏အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ဦးဆောင်သော စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံအလိုက် ဆွေးနွေး
အစည်းအဝေးတွင် သဘာပတိအဖြစ် ထိုင်းနိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနမှ Advisor of the Minister Mr. Alongkorn Polabutr က ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် ၂၀၁၉-၂၀၂၁ ခုနှစ်အတွင်း CIRDAP မှဆောင်ရွက်ခဲ့သည့် ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အောင်မြင်ခဲ့မှုများနှင့် အခက်အခဲများကို အစီရင်ခံ ဖတ်ကြားအတည်ပြုခြင်း၊ CIRDAP အမှုဆောင် ကော်မတီ၏ (၃၃)ကြိမ်မြောက် အစည်းအဝေး ဆွေးနွေးအကြံပြုချက်များအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ အုပ်ချုပ်မှုကောင်စီအဖွဲ့ဝင်များမှ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအပေါ် နိုင်ငံအလိုက် ဆွေးနွေးခြင်းနှင့် နောက်တစ်ကြိမ်ကျင်းပမည့် အုပ်ချုပ်မှုကောင်စီအစည်းအဝေးအတွက် အချိန်နှင့်နေရာ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ဆောင်ရွက်
အစည်းအဝေး၌ CIRDAP ၏ (၂၃)ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် စားနပ်ရိက္ခာဖူလုံရေး၊ ကျေးလက်နှင့် မြို့ပြဆင်းရဲချမ်းသာ ကွာခြားရေး မူဝါဒနှင့်အညီ ဆောင်ရွက်နေကြောင်း၊ ထိုသို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းထားပါကြောင်း၊ ကျေးလက်နေ ပြည်သူလူထု၏ ဝင်ငွေတိုးတက်မြင့်မားရေးနှင့် ဆင်းရဲမှုလျော့ပါးရေးအတွက် အဓိကအသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြစ်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပြင် အိမ်တွင်းစက်မှု၊ လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းအပြင် လူမှုစီးပွား အဆင့်အတန်းမြင့်မားရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်မှုနှင့် ကျေးလက်ရေရရှိရေး လုပ်ငန်းများ၊ ကျေးလက်မီးလင်းရေး လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း။
အတွေ့အကြုံများဖလှယ်
ထို့အပြင် အဖွဲ့ဝင်နိုင်ငံများတွင် ယနေ့ရင်ဆိုင်နေကြရသော ကိုဗစ်-၁၉ ရောဂါ၏ အကျိုးဆက်များကြောင့် ကျေးလက်ဒေသစီးပွားရေးအပေါ် ထိခိုက်မှုများ လျော့ပါးစေရေး၊ ကိုဗစ်-၁၉ ရောဂါ ကာလနောက်ပိုင်း ပြန်လည်ထူထောင်နိုင်ရေး၊ ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲရေးတို့တွင် ဒစ်ဂျစ်တယ်ဆက်သွယ်ရေးနည်းပညာကို ထိရောက်တွင်ကျယ်စွာ အသုံးပြုရေးဆိုင်ရာ CIRDAP အဖွဲ့၏ လုပ်ငန်းစဉ်များ၌ အခြားအဖွဲ့ဝင်နိုင်ငံများနှင့် အတွေ့အကြုံများဖလှယ်ပြီး ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိ
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန CIRDAP ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့အခြေစိုက် ဖွင့်လှစ်ထားပြီး ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ လာအို၊ နီပေါ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အာဖဂန်နစ္စတန်၊ အီရန်၊ အိန္ဒိယ၊ ဖီဂျီ နှင့် ပါကစ္စတန် စသည့် အဖွဲ့ဝင်နိုင်ငံ (၁၅)နိုင်ငံတို့ ပါဝင်ကာ ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းရပ်များတွင် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ၁၉၉၅ ခုနှစ်မှစတင်၍ အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ကျင်းပသည့် အစည်းအဝေးသို့ အာဖဂန်နစ္စတန် နိုင်ငံမှအပ ကျန်အဖွဲ့ဝင်နိုင်ငံအားလုံး စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်