နေပြည်တော် ဧပြီ ၂၀
ပြည်ပမှတစ်ဆင့် ကုန်ပစ္စည်းများ တင်သွင်းရာတွင် သွင်းကုန်လိုင်စင်၊ သွင်းကုန်ပါမစ် ခွင့်ပြုချက် မရှိဘဲ သင်္ဘောတင်လာခဲ့ပြီး ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ ကြိုတင်ရောက် ရှိနေကြောင်း စိစစ်တွေ့ရှိရပါက ယနေ့ ဧပြီ ၂၀ ရက်မှစတင်၍ ပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုအပ်သည့် ကုန်စည်များ တင်သွင်းမှုနှင့် ပတ်သက် သည့် စည်းကမ်းသတ်မှတ်ချက် အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၀ ကိုပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ကြရန်အတွက် ဧပြီ ၅ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် သတင်းထုတ်ပြန်ထားခဲ့သည်။
အဆိုပါ ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာအတွင်း လုပ်ငန်းရှင်အချို့သည် အဆိုပါ အမိန့်ကြော်ငြာစာ ၅၀/ ၂၀၂၀ ကို လိုက်နာ ဆောင် ရွက်ခြင်းမရှိဘဲ ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ သွင်းကုန်လိုင်စင် လျှောက်ထားမှု များရှိနေပြီး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် များနှင့် ဆန့်ကျင် လျက်ရှိနေကြောင်း သိရှိရသည်။ ထို့ကြောင့်မလို လားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေ ရေးအတွက် သွင်းကုန်လိုင်စင်နှင့် သွင်းကုန်ပါမစ်များခွင့်ပြုချက်ရမှသာ သင်္ဘောတင်ခြင်းများ ပြုလုပ်သင့်ကြောင်း အဆိုပါ သတင်းလွှာ အတွင်း ထည့်သွင်း ရေးသားထားသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနသည် ယခင်က သွင်းကုန်လိုင်စင်၊ သွင်းကုန် ပါမစ် လျှောက်ထားရာတွင် လွယ်ကူလျင်မြန်စေရေးအတွက် သွင်းကုန်လိုင်စင်၊ ပါမစ် ခွင့်ပြုချက်မရမီ ကြိုတင်သင်္ဘော တင်ခြင်းကို ခွင့်ပြုခဲ့ပြီး ယင်းတင်သွင်းပစ္စည်းများသည် ရန်ကုန်ဆိပ်ကမ်း၊ လေဆိပ်သို့ ဆိုက်ရောက်သည့် နေ့တွင် သွင်းကုန် လိုင်စင်၊ သွင်းကုန်ပါမစ် ခွင့်ပြုချက် နောက်ဆုံးရရှိထား ရမည်ဖြစ်ပြီး ယင်းနေ့အထိ လိုင်စင်၊ ပါမစ်များ ခွင့်ပြုချက် မရရှိသေးပါက ကြိုတင်သင်္ဘော တင်သွင်း ရောက်ရှိခြင်း အဖြစ် သတ်မှတ် ခွင့်ပြုပေးခဲ့သည်။
သို့သော် ယင်းဖြေလျှော့ ဆောင်ရွက်ပေးခြင်းကို အခွင့် ကောင်းယူကာ အချို့လုပ်ငန်းရှင် များက ရန်ကုန်ဆိပ်ကမ်းသို့ ပစ္စည်းများ ရောက်ရှိမှသာ သွင်းကုန်လိုင်စင် လျှောက် ထားမှု များရှိ လာသဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ အတွင်းက အမိန့်ကြော်ငြာစာတစ် စောင်ကို ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများ ၂၀၁၅ တွင် သွင်းကုန်လိုင်စင်ရယူ တင်သွင်း ရမည့် ပစ္စည်းများအတွက် ခွင့်ပြု ချက်မရမီ ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ ကြိုတင်မရောက် ရှိစေရဟု ကြေညာခဲ့သည်။
ထို့အတူ ဝန်ကြီးဌာနသည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း သွင်းကုန်လိုင်စင် ရယူတင်သွင်း ရမည့် ကုန်ပစ္စည်းများအတွက် အကောက်ခွန် ကုန်သိုလှောင်ရုံသို့ ထည့်သွင်း ရန် တင်သွင်း လာသည့် ကုန်စည်များမှအပ ကျန်ကုန်စည် များအား ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကြိုတင် ရောက်ရှိခြင်း မရှိစေရဟု ပြင်ဆင်သတ်မှတ်ခဲ့ သည်ကိုလည်း မြင်တွေ့ရသည်။ ယင်းအမိန့်စာတွင်မူ အကောက်ခွန် ကုန်သိုလှောင်ရုံတွင် ထည့် သွင်းရန်အတွက်မဟုတ်ဘဲ ပြည်တွင်းသို့ တိုက်ရိုက်တင်သွင်း မှုနှင့်ပတ်သက်၍ လိုင်စင်လျှောက် ထားရန် လိုအပ်သော ကုန်စည်များအား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ခွင့်ပြုချက်လိုင်စင် မရရှိဘဲ တင်သွင်းပြီး ဆိပ်ကမ်းသို့ ကြိုတင် ရောက်ရှိပါက အဆိုပါတင် သွင်းသော ကုမ္ပဏီကို ပို့ကုန်၊ သွင်းကုန် ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ပါရှိပြီးဖြစ်သည်။
စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်ပမှတင်သွင်းသည့် ကုန်စည် များနှင့် စပ်လျဉ်း၍လည်း သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်း များ အဖြစ် ပထမအဆင့်၊ ဒုတိယ အဆင့်နှင့် တတိယအဆင့် စသည်တို့ သတ်မှတ် ထုတ်ပြန်ခြင်းတို့ကို ယမန်နှစ်နှင့် ယခုနှစ်ဆန်းပိုင်း တို့တွင် ထုတ်ပြန်ထားခဲ့ပြီး လိုင်စင် လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများအနက် မည်သည့် ကုန်စည်ကိုမဆို ပြည်ပမှ ပင်လယ်ရေကြောင်း၊ လေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းများမှ တင်သွင်း ရာတွင် ယခုနှစ် မေ၁ ရက်မှစတင်၍ လုပ်ထုံးလုပ်နည်းများနှင့် အညီ သွင်းကုန်လိုင်စင် လျှောက်ထား ရယူပြီးမှသာ တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း မတ် ၂၉ ရက်တွင် သတင်းထုတ်ပြန်ထားခဲ့သည်ကို လည်း မြင်တွေ့ရသည်။
ခင်ရတနာ