နေပြည်တော် ဧပြီ ၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါ ဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပျဉ်းမနားမြို့၊ တံခွန်တိုင်ကျောင်းနှင့် ကိုးခန်းကြီးကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး သီဟသုဓမ္မမဏိဇောတဓရ ဒေါက်တာ အောင်ကျော်ဝင်းနှင့် ဇနီး ပြည်ထောင်စုဝန်ကြီး သုဓမ္မသိင်္ဂီ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများနှင့် မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ နမောတဿ (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ကိုးခန်းကြီးကျောင်းတိုက် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ သာသနဓဇဓမ္မာစရိယ ဝိနယ ဝိဒူဘဒ္ဒန္တ အာစိန္တထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူ ကြည်ညိုကြသည်။
ထို့နောက် ဆရာတော်သံဃာတော်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
(သတင်းစဉ်)