ပဲခူး ဧပြီ ၁၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် သင်္ကြန်အတက်နေ့အား ပဲခူးမြို့အတွင်း၌ ဧပြီ ၁၆ ရက်တွင် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် အများပြည်သူ ရေကစားမဏ္ဍပ်များ၊ နေ့စဉ် စတုဒိသာမဏ္ဍပ်များဖြင့် အများပြည်သူ လုံခြုံချမ်းမြေ့ စိတ်အေးချမ်းသာစွာ အတာရေ သဘင်ပွဲဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ် ဖျော်ဖြေရေးမဏ္ဍပ်သို့ရောက်ရှိခဲ့ပြီး တပ်တွင်းမိသားစုများ၏ မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးယိမ်း အဖွဲ့များအတွက် ဂုဏ်ပြုငွေပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တပ်တွင်းမိသားစုယိမ်းအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး အပြန်အလှန် အတာရေပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗဟိုမဏ္ဍပ်သို့ ရောက်ရှိခဲ့ပြီး ခေတ်ပေါ်တေးဂီတဖျော်ဖြေနေမှု၊ လမ်းလျှောက်သင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်များ၌ ကျွေးမွေးနေမှုများအား အများပြည်သူနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
သတင်းစဉ်