နေပြည်တော် ဧပြီ ၁၄
၁၃၈၄ ခုနှစ် မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိသားစုသင်္ကြန် ရေသဘင်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနပရဝဏ်အတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ အလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဇနီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် ဒုတိယဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ရေသဘင်ပွဲတော်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က မိမိတို့ဌာနသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဖြစ်သည့်အတွက် တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဝိုင်းဝန်းကြိုးစားဖော်ဆောင်ကြစေလိုပါကြောင်းနှင့် မိသားစုသင်္ကြန်တွင်တစ်နှစ်ပတ်လုံး ပင်ပန်းခဲ့သည်များကို သင်္ကြန်ရေဖြင့် ဆေးကြော၍ နှစ်သစ်တွင် စိတ်သစ်လူသစ် အားမာန်သစ်ဖြင့် အလုပ်တာဝန်များကို ကြိုးစားကြစေလိုပါကြောင်း၊ တက်ရောက်လာကြသော အရာထမ်း၊အမှုထမ်းများနှင့် မိသားစုဝင်များကပ်ရောဂါအန္တရာယ်များမှ ကင်းဝေးပါစေကြောင်းနှင့် တိုင်းပြည်တာဝန်ကို ကျေပွန်စွာထမ်းရွက်နိုင်ပါစေကြောင်း ပြောကြားသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ထို့နောက်တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က မိသားစုသင်္ကြန်ရေသဘင်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ လှပျိုဖြူများကသင်္ကြန်ယိမ်းအကများဖြင့် ကပြဖျော်ဖြေကြရာ ဧည့်သည်တော် ပြည်ထောင် စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ယိမ်းအကအဖွဲ့များအား ဆုငွေများ ချီးမြှင့်ကြသည်။
ယင်းနောက် ရေသဘင်ပွဲတော်တွင် ပါဝင်ဆင်နွှဲကြသူများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများက မြန်မာ့ရိုးရာအစား အစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။ အဆိုပါ ရေသဘင်ပွဲတော်ကို ဧပြီ ၁၄ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်