ဟိုပန် ဧပြီ ၁၄
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က ဟိုပန်မြို့၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုကွင်းတွင် ပြုလုပ်ခဲ့သည်။
ဖွင့်ပွဲတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်စကားပြောကြားကာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်အား ဖွင့်လှစ်ပေးခဲ့ရာ ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ဥက္ကဋ္ဌဦးညီနပ်နှင့် တာဝန်ရှိသူများမှ သင်္ကြန်ယိမ်းအကအဖွဲ့များအား အမွှေးနံ့သာရည်များဖြင့် အတာရေစင်ဖျန်းပက်ပေးခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားပြီသည့်နောက် ယိမ်းအကအဖွဲ့များက သင်္ကြန်အကများဖြင့် လည်းကောင်း၊ ခေတ်ပေါ်တေးသီချင်းများဖြင့် လည်း ကောင်း ဖျော်ဖြေတင်ဆက်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
မဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးအစီအစဉ်များကို ဧပြီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီထိ၊ မွန်းလွဲ ၂ နာရီမှ ၄ နာရီထိ ၊ ညပိုင်း ၆ နာရီမှ ၉ နာရီထိ သင်္ကြန်ယိမ်းအကများ၊ တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)