မော်လမြိုင် ဧပြီ ၁၃
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာ မဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲကို ဧပြီလ ၁၃ ရက်နေ့ အဟာသင်္ကြန်အကြိုနေ့ ညနေ ၆ နာရီအချိန်ခန့်က မော်လမြိုင်မြို့၊ ကမ်းနားလမ်း ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းတို့က ၁၃၈၃ ခုနှစ် မွန်ပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြပြီး မြန်မာပြည်ကြီး အေးချမ်းပါစေ၊ ငြိမ်းချမ်းပါစေ၊ နှစ်သစ်အခါသမယအတွက် ဇီဝိတဒါန အဖြစ်ငှက်များ လွတ်ပေးခဲ့ကြသည်။
ဆက်လက်ပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက နှစ်သစ်မင်္ဂလာ အမှာစကားပြောကြားရာတွင် မြန်မာသက္ကရာဇ်၏ နှစ်တစ် နှစ်ကုန်ဆုံးပြီး နှစ်သစ်အခါသမယတွင် ငြိမ်းချမ်းပြီး ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ရေးကို ရှေ့ရှုလျက် ပျော်ရွှင်စရာစရိုက်ဖြင့် ကျင်းပပြုလုပ်လေ့ရှိရာတွင် မြန်မာနှစ်သစ်ကူးသင်္ကြန် ပွဲတော်သည်လည်း တမူထူးခြားလှသည့် ပွဲတော်ဖြစ်ကြောင်း၊ သင်္ကြန်ဟူသော ဝေါဟာရနှင့် ပတ်သက်ပြီး ပုဂံခေတ် မြန်မာသက္ကရာဇ် ၆၅၃ ခုနှစ် ခရစ်နှစ် ၁၂၉၀ ခုနှစ်တွင် ရေးထိုးခဲ့သော “စောလှဝန်း” ကျောက်စာတွင် စောဆုံးဖြစ်ပြီး ယနေ့ဆိုလျှင် နှစ်ပေါင်း ၇၀၀ ကျော်ကြာမြင့် ခဲ့ပြီးဖြစ်တဲ့ မြန်မာယဉ်ကျေးမှု အထိမ်းအမှတ်အနေနဲ့ မဏ္ဌိုင်ပြု ကျင်းပရတဲ့ပွဲတော်တစ်ခုဖြစ်ပါ ကြောင်း၊ နှစ်သစ်စတန်ခူးလ၏ နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်လွင့်ပျောက်၍ အေးချမ်းမှုကို ပေးစေရန်၊ ကြည်လင်အေးမြသည့် သီတာရေစင်ဖြင့် တစ်ဦးကိုတစ်ဦး ကြည်နူးသိမ်မွေ့စွာ ပက်ဖျန်း၍ ပျော်ရွှင်စွာ ရေကစားကြသည့် ရိုးရာယဉ်ကျေးမှုပွဲတော် တစ်ခုဖြစ်ကြောင်း၊ ဘုရားသွား၊ ဥပုဒ်သီတင်း သီလစောင့်ထိန်းခြင်း၊ ရေကုသိုလ်ပြုခြင်း၊ စတုဒိသာများ ကျွေးမွေးခြင်း၊ မိဘ၊ ဘိုးဘွားတို့ကို ဂါရဝပြုပူဇော်ခြင်း ဝေယျာဝစ္စများ ပြုလုပ် ခြင်း၊ ဇီဝိတဒါနသက်သက်လွတ်ပွဲများ ပြုလုပ်ခြင်းများ ဆောင်ရွက်လေ့ရှိကြောင်း၊ မွန်ပြည် နယ်အတွင်းမှ ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ကြပါစေ၊ ငြိမ်းချမ်းသာယာစွာ ဖြင့်မေတ္တာဖြန့်ကျက်နိုင်ပါစေကြောင်း နှစ်သစ်ကူးဆုတောင်း ပတ္တနာပြု တိုက်တွန်း၍ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် မဟာသင်္ကြန်ယိမ်းအကအဖွဲ့မှ ယိမ်းသမများက စုပေါင်းကပြဖျော်ဖြေကြရာ မွန်ပြည်နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲသို့ တက်ရောက်လာကြသော မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ဇနီး၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသားပြည်သူများက အောင်သပြေခတ်ဖြင့် အတာရေအေးပက်ဖြန်းခဲ့ကြပြီး ယိမ်းအကအဖွဲ့များနှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့် ခရိုင်ပြန်/ဆက်