နေပြည်တော် ဧပြီ ၅
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်မှ စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ရူပဗေဒဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
စာမေးပွဲဖြေဆိုခြင်းမပြုမီ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ Mask များ တပ်ဆင်လာစေခြင်း၊ အပူချိန်တိုင်းတာခြင်း၊ စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/ မမှန် စစ်ဆေးခြင်းများကို ဆရာ၊ ဆရာမများက စနစ်တကျ စစ်ဆေးခြင်းများကို ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၂၀ နှင့် ပြည်တွင်း၌ စာစစ်ဌာန ၁၂၃၂ ခု စာစစ်ဌာန စုစုပေါင်း ၁၂၅၂ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၅၂၄၄၁ ဦးရှိပြီး စာမေးပွဲပဉ္စမနေ့ ရူပဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၂၇၆၈၂ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၀ ဒသမ ၁၉ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို ဧပြီ ၆ ရက် ဗုဒ္ဓဘူးနေ့တွင် ဇီဝဗေဒ/ ဘောဂဗေဒ၊ ဧပြီ ၇ ရက် ကြာသပေးနေ့တွင် ပထဝီဝင်၊ ဧပြီ ၈ ရက် သောကြာနေ့တွင် သမိုင်း၊ ဧပြီ ၉ ရက် စနေနေ့တွင် စိတ်ကြိုက်မြန်မာစာ စသည်ဖြင့် အသီးသီး ဆက်လက်ဖြေဆို ကြရမည်ဖြစ်ကြောင်း သတင်းရရှိသည်။