Skip to main content

နိုင်ငံတော်၏ ပညာရေးကဏ္ဍမြင့်မားရေးနှင့် လူငယ်လူရွယ်များ၏ ပညာရည်မြင့်မားရေး ဆောင်ရွက်နေမှုအပေါ် ပျက်စီးရာပျက်စီးကြောင်း စိတ်ဓာတ်ဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများက အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်

နေပြည်တော် ဧပြီ ၅

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခြေခံကျသော ပညာရေးကဏ္ဍ မြင့်မားရေးနှင့် လူငယ်လူရွယ်များ၏ အနာဂတ်ဘဝ သာယာလှပစေရေးတို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အစွမ်းကုန်ကြိုးပမ်းလျက်ရှိပြီး ကျောင်းသား၊ ဆရာ၊ မိဘတို့ကလည်း ကျရာအခန်းကဏ္ဍတို့တွင် ဝမ်းပန်းတသာ ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်းကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် အတန်းပညာရပ်များကို အောင်မြင်စွာ သင်ကြားနိုင်ခဲ့ပြီး အဆင့်မြင့်ပညာ ဆက်လက်သင်ကြားနိုင်ရန် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ကျောင်းသား၊ ဆရာ၊ မိဘ တို့၏ ပါဝင်ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍမြင့်မားရေးနှင့် လူငယ်လူရွယ်များ၏ ပညာရည် မြင့်မားရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် NUG၊ PDF အမည်ခံ အကြမ်းဖက်သမားများက ပျက်စီးရာပျက်စီးကြောင်း စိတ်ဓာတ်ဖြင့် မြို့နယ်အချို့ရှိ ပညာရေးအဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲခြင်းနှင့် စာမေးပွဲအဖြေလွှာများအား ဖျက်ဆီးခြင်းများ ပြုလုပ်သည့်အပြင် ပညာရေးဆိုင်ရာ ဝန်ထမ်းများကိုလည်း ရက်စက်စွာ သတ်ဖြတ်ခြင်းများ ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ရာ ဧပြီလ ၄ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့၊ အား/ကာ လမ်းပေါ် မြို့နယ်ပညာရေးမှူးရုံးအနီး၊ ယနေ့ နံနက် ၈ နာရီ ၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သက္ကလမြို့၊ မြို့မစံပြရပ်ကွက်ရှိ သက္ကလအခြေခံပညာအထက်တန်းကျောင်းအနီး၊ နံနက် ၈ နာရီခွဲခန့်တွင် ကဝမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပဲခူးလမ်းနှင့် ငါးထပ်ကြီးဘုရားလမ်းထောင့်ရှိ အခြေခံပညာ အထက်တန်းကျောင်းအနီးတို့၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းများ ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၄ ရက် နံနက် ၈ နာရီ ၅ မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ (၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ရှေ့ထွက်မိုင်းတစ်လုံးကို လည်းကောင်း၊ ယနေ့ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းအနီး၌ လက်လုပ်ဗုံးနှစ်လုံးကိုလည်းကောင်း၊ ကဝမြို့၊ အခြေခံပညာ အထက်တန်းကျောင်းအနီး၌ လက်လုပ်မိုင်းတစ်လုံးကိုလည်းကောင်း၊ နံနက် ၉ နာရီ ၂၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့၊ အောင်မေတ္တာရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ လက်လုပ်မိုင်းတစ်လုံးကိုလည်းကောင်း တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် အများပြည်သူ အန္တရာယ်မဖြစ်စေရေးအတွက် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

၎င်းအပြင် ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကင်းချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးသည် ကျေးရွာရပ်မိရပ်ဖများနှင့်အတူ စာသင်ကျောင်းအား သွားရောက်ကြည့်ရှုစဉ် ကျောင်းအုပ်ကြီးရုံးခန်းရှိ ပြတင်းတံခါးမှန်များ ရိုက်ခွဲဖျက်ဆီးခံထားရပြီး ရုံးခန်းတံခါးမကြီး ပွင့်နေသည်ကိုတွေ့ရှိရပြီး ရုံးခန်းအတွင်း ထိန်းသိမ်းထားရှိသည့် စတုတ္ထတန်းမှ သတ္တမတန်းအထိ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုထားသည့် အတန်းတင်စာမေးပွဲ စစ်ဆေးပြီး အဖြေလွှာများကို အကြမ်းဖက်သမားများက မင်ရည်များဖြင့် ပတ်ဖျန်းဖြန့်ကြဲထားခြင်းနှင့် ရုံးခန်းနံရံများပေါ်၌ မှုတ်ဆေးဖြင့် ညစ်ညမ်းသောစာသားများ၊ ရုပ်ပုံများ ရေးဆွဲထားခြင်းများ ပြုလုပ်ထားကြောင်း သိရှိရသည်။

ထိုသို့ အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြသည့် ပညာသင်ကြားရေးလုပ်ငန်းများကို မနာလိုမရှုစိတ်များဖြင့် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။