Skip to main content

ကော့ကရိတ်မြို့နယ်၊ တောနော်ရေတံခွန်အနီး၌ အကြမ်းဖက်အဖွဲ့များက မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီး

နေပြည်တော် ဧပြီ ၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောနော်ရေတံခွန်၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာနေရာ၌ ကုန်တင်ယာဉ်များအား မီးရှို့ထားကြောင်းနှင့် ယာဉ်များ ပိတ်ဆို့နေကြောင်း သတင်းအရ နယ်မြေလုံခြုံရေး ဆောင်ရွက်‌နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီခန့်တွင်  သွားရောက်၍ လုံခြုံရေး လုပ်ငန်းများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပုံမှန်သွားလာနိုင်ရေး   ဆောင်ရွက်ပေးစဉ် တောနော်ရေတံခွန်၏ အရှေ့တောင် ဘက်မီတာ ၉၀၀ ခန့်အကွာနေရာမှ KKO ခွဲထွက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်က လက်ဖြောင့်သေနတ်များ အပါအဝင် လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ချောင်းမြောင်း နှောင့်ယှက်ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့ရာ အကြမ်းဖက် အဖွဲ့များသည် တောင်ဘက်သို့ ဆုတ်ခွာထွက် ပြေးသွားခဲ့သည်။

ဖြစ်စဉ်နေရာတစ်ဝိုက်အား ရှာဖွေမှုများ ပြုလုပ်ရာ အဆိုပါနေရာ၌ ၆ ဘီး ယာဉ် ၁ စီး၊ ၁၂ ဘီးယာဉ် ၁ စီး၊ ၂၂ ဘီးယာဉ် ၁ စီး၊ ခရီးသည် တင်မှန်လုံယာဉ် ၁ စီး၊ NISSAN အမျိုးအစား CARAVAN ၁ စီး၊ စုစုပေါင်း မော်တော် ယာဉ် ၅ စီး မီးလောင် ပျက်စီးလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါမော်တော်ယာဉ်များ မီးလောင်ပျက်စီးမှုကြောင့် လမ်းပိတ်ဆို့နေသည့် မော်တော်ယာဉ် ၃၀ စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိရသဖြင့် မော်တော်ယာဉ်များ  ပြန်လည်သွားလာနိုင်ရေးအတွက် လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးခဲ့သဖြင့် ညနေ ၃ နာရီခန့်တွင် ယာဉ်ကြီး/ယာဉ်ငယ်များသည် မြဝတီမြို့သို့  စတင်ထွက်ခွာနိုင်ခဲ့ကြောင်းနှင့် အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်