Skip to main content

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၀-၃-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၉-၃-၂၀၂၂)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၀-၃-၂၀၂၂) ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၁,၄၈၁)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၂၇) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၉၈) ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၅၀၀,၅၂၃) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၀၈,၉၉၀) ဦး ရှိပြီဖြစ်ပါသည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၉၁၄) ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၅၆၄,၆၆၀) ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၂) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၂၅) ဦး ရှိပါသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၉-၃-၂၀၂၂) ရက်နေ့အထိ လူဦးရေ စုစုပေါင်း (၂၅,၆၅၄,၁၉၀) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၂၁,၆၂၄,၆၄၇) ဦး နှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ (၄,၀၂၉,၅၄၃) ဦး ရှိပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၁၉-၃-၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၄၇,၂၇၈,၈၃၇) ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။

  • ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ရောဂါဖြစ်ပွား/ သေဆုံးမှုများအား မျက်ခြေမပြတ် လေ့လာစောင့်ကြည့်လျက် ရှိပါသည်။
  • နိုင်ငံတကာတွင် သုတေသနပြုလေ့လာချက်များအရလည်း ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံမှု ခံယူထားခြင်းအားဖြင့် ရောဂါဝင်ရောက် ကူးစက်နိုင်မှုကို (၅) ဆ အထက်၊ ရောဂါကြောင့် ဆေးရုံ တက်ရောက်ရမှုကို (၁၀) ဆ အထက်၊ ရောဂါကြောင့် သေဆုံးရမှုကို (၁၀) ဆအထက် လျှော့ချနိုင်သည်ကို တွေ့ရှိရပါသည်။
  • မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရမှုများကို လေ့လာသုံးသပ် ကြည့်ရာတွင် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံမှုခံယူထားခြင်းဖြင့် ရောဂါကြောင့် သေဆုံးရမှုကို ၇ ဆ ခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရှိရပါသည်။
  • သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရာတွင် ရေရှည်အတွက် အကောင်းဆုံးနည်းလမ်းမှာ ရည်မှန်းဦးတည်အုပ်စုများအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် မပျက်မကွက် ထိုးနှံမှုခံယူထားခြင်းပင် ဖြစ်ပါသည်။
  • ကျန်းမာရေးဝန်ကြီးဌာနသည် ကျေးလက်ဒေသနှင့် ဝေးလံခက်ခဲဒေသများတွင် နေထိုင်သည့် မိဘပြည်သူများ အပါအဝင် မည်သူတစ်ဦးတစ်ယောက်မှ မကျန်ရစေဘဲ အသက် ၁၈ နှစ်နှင့်အထက် မိဘပြည်သူများနှင့် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာကျောင်းသူ/ ကျောင်းသားများအပါအဝင် ဦးတည်အုပ်စုအားလုံးကို ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးနိုင်ရေးကို အရှိန်အဟုန်မြှင့်တင် အလေးထား ဆောင်ရွက်လျက်ရှိပါ၍ ကာကွယ်ဆေး မထိုးနှံရသေးသော မိဘပြည်သူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်ပြီး ဦးတည်အုပ်စုအားလုံး ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးရေးကို အလေးထား၍ တက်ကြွစွာ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။
  • COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။