နေပြည်တော် မတ် ၂၀
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး-ဝါးခယ်မ-မြောင်းမြ လမ်းပေါ်ရှိ အရှည် (၇၈၇)ပေ ကျွန်းကုန်းတံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်၊ ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ ပုဂ္ဂိုလ်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဌာနကြီးမှူးများနှင့် တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ရပ်မိ၊ ရပ်ဖများ၊ ဒေသခံ ပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဘင်ခရာအဖွဲ့၊ စည်တော်အကအဖွဲ့၊ တိုင်းရင်းသားရိုးရာ အကအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်အေးနုစိန်က ယနေ့ ဧရာ၀တီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိ (၇၈၇)ပေ အရှည်ရှိသည့် ကျွန်းကုန်းတံတားကြီးကို (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဖွင့်လှစ်ပေးခဲ့သည့်အတွက် ဒေသခံများနှင့် ထပ်တူထပ်မျှ ဝမ်းသာကြည်နူးရပါကြောင်း။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် ရှေးပဝေသဏီတည်းက တိုင်းရင်းသား (၁၃၅)မျိုးနှင့် အေးအတူပူအမျှ လက်တွဲနေထိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီး၌ရှိသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတွေ လူတန်းစေ့ နေထိုင်နိုင်ရန် အခြေခံအဆောက်အဦဖြစ်သည့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ ပါဝင်သော လေကြောင်း၊ ရေကြောင်းနှင့် ကုန်းကြောင်း၊ လမ်း၊ တံတားတွေ ကောင်းမွန်ရေးနှင့် လျှပ်စစ်မီးရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်ပြီး လုံခြုံချောမွေ့မှသာ တိုင်းရင်းသားပြည်သူများ အပြန်အလှန် ကူးလူးဆက်သွယ်သွားလာနိုင်ပြီး ချစ်ကြည်ရင်းနှီးမှုများ ရရှိစေမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်သည့်အတွက် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဆောင်ရွက်ခြင်းသည် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရများပင် ဖြစ်ပါကြောင်း၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်ဖြစ်ပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ချမှတ်ထားပြီး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီတို့ကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မူဝါဒ (၄)ရပ်ကို ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။
လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာရေးအတွက် ဦးစားပေးဆောင်ရွက်နိုင်ရန် ပထဝီနှင့် သဘာဝအတားအဆီးဖြစ်သည့် နေရာများတွင် တံတားများ တည်ဆောက်ပေးခြင်း၊ လမ်းများကိုလည်း ရာသီမရွေး သွားလာနိုင်အောင် ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။ ထို့ပြင် မြို့ပြဒေသများသာမက ဝေးလံခေါင်းပါးသည့် ဒေသများပါမကျန် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲရာတွင် လေလွင့်မှုမရှိစေရေး၊ ရေရှည်တည်တံ့ ခိုင်မြဲရန်အတွက် အရည်အသွေးကောင်းမွန်ရေး၊ ဒေသအတွက် အကျိုးဖြစ်ထွန်းမှုရှိစေရန် ရှိ/ မရှိ ထောက်ပြပေးနိုင်ကြရန်နှင့် တည့်မတ်ပေးရန် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီးသည် ဧရာဝတီမြစ်၏ မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်တာနှင့်အညီ မြန်မာပြည်၏ ဆန်စပါး အဓိကထွက်ရှိရာ ဒေသကြီးလည်း ဖြစ်ပါကြောင်း၊ မြေဆီသြဇာကြွယ်ဝသော မြေနုကျွန်းပေါ်ဒေသ ဖြစ်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပြီး ရေထွက်ပစ္စည်းလုပ်ငန်း ၊ မွေးမြူရေးလုပ်ငန်း၊ ရေချိုငါးဖမ်းလုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ဆားလုပ်ငန်း၊ သင်ဖြူးဖျာလုပ်ငန်းနှင့် နိုင်ငံခြားဧည့်သည်များ စိတ်ပါဝင်စားသည့် ပုသိမ်ထီးလုပ်ငန်းများ တည်ရှိသော တိုင်းဒေသကြီးလည်း ဖြစ်ပါကြောင်း။
ကျွန်းကုန်းတံတားကို အသုံးပြုခြင်းဖြင့် ဝါးခယ်မ-ကျုံမငေး-မော်လမြိုင်ကျွန်း-ဘိုကလေး မြို့များသို့လည်းကောင်း၊ ဘိုကလေးမှတဆင့် ဖျာပုံ-မအူပင်-တွံတေး-ရန်ကုန်မြို့များသို့ လည်းကောင်း အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်မှာ ဖြစ်ပါကြောင်း၊ ထို့ပြင် ကျွန်းကုန်းတံတားမှ အိမ်မဲ-ရန်ကုန်သို့ လည်းကောင်း၊ မြောင်းမြ-မြင်းကဆိပ်-ပုသိမ်မြို့များသို့ လည်းကောင်း၊ လမ်းကွန်ယက်များ ချိတ်ဆက်သွားလာနိုင်ပြီ ဖြစ်ပါကြောင်း။
နိုင်ငံ၏ အနာဂတ်ငြိမ်းချမ်းသာယာရေး နိုင်ငံသူ၊ နိုင်ငံသားများ၏ ဘဝ ချမ်းမြေ့ပျော်ရွှင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် ကောင်းမွန်သည့်ရည်မှန်းချက်၊ ဦးတည်ချက်များကို ကြိုးပမ်းပုံဖော်လျက်ရှိပါကြောင်းနှင့် တိုင်းရင်းသားညီအစ်ကိုများကလည်း နိုင်ငံတော်အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစဉ်များအပေါ် ပိုမိုပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ကျွန်းကုန်း တံတားသစ်သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး-မြောင်းမြ လမ်းပေါ်ရှိ ယခင် ကြိုးတံတားဟောင်းနှင့် ကပ်လျက်တည်ဆောက်ထားပြီး တံတားအရှည် (၇၈၇)ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၄)ပေ နှစ်လမ်းမောင်း သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး Foundation အပိုင်းကို Bored Pile Foundation ဖြင့် တည်ဆောက်ထားသည်။ Superstructure အပိုင်းမှာ သံမဏိ သံပေါင် ယက်မ၊ သံကူကွန်ကရစ် ကြမ်းခင်းဖြစ်ပြီး တံတားခံနိုင်ဝန်မှာ တန် (၆၀)ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာ၀တီတိုင်းဒေသကြီး အတွင်းရှိ လမ်း၊ တံတားဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဒေသခံပြည်သူတစ်ဦးက ကျွန်းကုန်းတံတား ဖွင့်လှစ်ပေးသည့်အတွက် နိုင်ငံတော်အစိုးရကို ကျေးဇူးတင်ပါကြောင်းနှင့် တံတားကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မင်္ဂလာအချိန်တွင် ကျွန်းကုန်းတံတားအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒေါ်အေးနုစိန်နှင့် ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ကျွန်းကုန်းတံတား ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒေါ်အေးနုစိန်နှင့် ဦးမောင်းဟာတို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ တံတားကြီးပေါ်မှ ဖြတ်သန်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်