ပြည်သူလူထု နေ့စဉ်နေထိုင်မှုလူမှုဘဝတွင် စားရေး၊ ဝတ်ရေး၊ နေရေး အရေး သုံးပါးသည် အရေး အကြီးဆုံးဖြစ်သည်။ ထိုအရေးသုံးပါးတွင် စားရေး၊ နေရေးသည် ပို၍အရေးကြီးပြီး စားစရာရှိပြီး နေစရာမရှိသောဘဝ၊ နေစရာရှိပြီး စားစရာမရှိသော ဘဝများမဖြစ်ရအောင် နိုင်ငံတော်အစိုးရအနေဖြင့် လည်းကောင်း၊ မိမိတို့ကိုယ်တိုင် အနေဖြင့်လည်းကောင်း အလေးထားဦးစားပေးဆောင်ရွက် နေကြရမည်ဖြစ်သည်။
“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေး မြှင့်တင်လျက်ရှိပါကြောင်း၊ လာမည့်နှစ်တွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးအတွက် အထောက် အကူပြုသည့်ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှု လုပ်ငန်းများ၊ ပြည်သူလူထု၏ စားဝတ်နေမှုဖူလုံစေရေး များကို အလေးထားဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” အမျိုးသားစီမံကိန်းကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) တွင် ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည် ချက် (၉)ရပ်တို့ကို ချမှတ်အကောင်အထည်ဖော် လျက်ရှိရာ အခက်အခဲများအား ကျော်လွှားဆောင်ရွက်ရသည်များရှိသလို အောင်မြင်မှုများလည်း အထိုက် အလျောက်ရရှိခဲ့သည်ကို တွေ့ရပေသည်။ ရှေ့ဆက်၍ လာမည့်ဘဏ္ဍာရေးနှစ် ၂၀၂၂-၂၀၂၃ ခုနှစ်ကို ယခုဧပြီလမှ နောင်နှစ်မတ်လအထိ အကောင်အထည်ဖော် ဆောင်ရွက်ရတော့မည်ဖြစ်၍ ယမန်နှစ်က အားနည်းချက်များကို သင်ခန်းစာယူပြီး အားသာချက်များကို ဆက်လက်ဖော်ထုတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေကြပြီဖြစ်သည်။
အဓိကမှာ ပြည်သူများ စားဝတ်နေရေးဖူလုံစေပြီး လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေရန် အတွက် အလျင်အမြန် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို အောင်မြင်အောင်အကောင်အထည် ဖော်ရန် လိုအပ်သကဲ့သို့ ဆောင်ရွက်ဆဲစီမံကိန်းကြီးများ အမြန်ဆုံးပြီးပြတ်စေရေးနှင့် စီမံကိန်း၏ အကျိုး ရလဒ်များကို ပြည်သူများ ရရှိခံစားနိုင်ရေးကို အလေးထားဆောင်ရွက်သွားရမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လမ်းညွှန်မှာကြားထားသည်။ ထို့အပြင် ပြည်တွင်း စီးပွားရေး လုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရန် အတွက် ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများကို တွန်းအားပေးရန် လိုအပ်သည့် အစီအမံများ ရေးဆွဲဆောင်ရွက်နိုင်ရေးကိုလည်း လမ်းညွှန်မှာ ကြားထားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများအကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းလုပ်ငန်းကြီးများကို အနှောင့် အယှက်အခက်အခဲ အတားအဆီးများကြားမှ မဖြစ်မနေကြိုးပမ်းဆောင်ရွက်နေသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို အကြောင်းပြု၍ ကျန်းမာရေးဆိုင်ရာ အကန့်အသတ်များထုတ်ပြန် ထားမှုကြောင့် ပြည်သူများ၏ လူမှုဘဝများနှင့် စီးပွားရေးလုပ်ငန်းများ ရပ်တန့် ကျဆင်းသွားခဲ့သည်။ ယခုအခါ နိုင်ငံတော်အစိုးရနှင့်သက်ဆိုင်ရာတို့၏ ကြိုးပမ်းဆောင်ရွက်မှု၊ ပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနှုန်းများ လျော့နည်းကျဆင်းလာသဖြင့် ပြည်သူများ၏ လူမှု စီးပွားဘဝများ အလျင်အမြန် ပြန်လည်စတင်ဖွံ့ဖြိုးလာရေးအတွက် အကန့် အသတ်များကို လျှော့ချဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ကြောင့် ပြည်သူများ အနေဖြင့် လုပ်သာကိုင်သာ ဆောင်ရွက်နိုင်မှုရှိလာပြီး စီမံကိန်းလုပ်ငန်းများပြီးစီး ပါက အလုပ်အကိုင် အခွင့်အလမ်းများ ပွင့်လန်းကာ ပြည်သူများ၏လူမှုစီးပွားဘဝများ ပြန်လည်မြင့်မားတိုး တက်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများအား ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရေး မူဝါဒများလျှော့ချပေးပြီး တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ပွင့်လင်းလာသော အလုပ်အကိုင်အခွင့်အလမ်းများတွင် နိုင်ငံသား လူ့စွမ်းအားအရင်းအမြစ်များ လုပ်ကိုင်နိုင်ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ အလုပ် လုပ်နိုင်ကိုင်နိုင်သော လူ့စွမ်းအားအရင်းအမြစ်များ အမြန်ဆုံးပေါ်ထွက်ရေးအတွက် ဆရာ အရည်အသွေးမြင့်မားရေး၊ ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းနေ နိုင်ရေး၊ အခြေခံပညာ အတန်းပညာပြီးမြောက်မှုနှုန်း မြင့်မားရေးနှင့် အသက် မွေးဝမ်းကျောင်းပညာသင်တန်းများမှတစ်ဆင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ် ပေးရေးကို အလေးထား ဦးစားပေးဆောင်ရွက်နေသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ရပ်ဆိုင်းထားသည့် စက်ရုံ၊ အလုပ်ရုံများကို သတ်မှတ်အချိန်အတိုင်း လည်ပတ်နိုင်စေရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသာမက ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများတွင်လည်း ဈေးကွက်လိုအပ်ချက် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်နိုင်ရေးနှင့် ကုန်စည် စီးဆင်းမှု လွယ်ကူချောမွေ့စေရေးအတွက် ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက်လျက်ရှိ သည်။ သို့ဖြစ်ရာ ပြည်သူများ စားဝတ်နေရေးဖူလုံစေရေးအတွက်နိုင်ငံတော်အစိုးရက အလေးထားဦးစားပေး ဆောင်ရွက်လျက်ရှိရာ ပြည်သူများကလည်း တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။