Skip to main content

နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးနှင့် ပြည်သူလူထု စားဝတ်နေမှုဖူလုံရေး

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်သစ်ကို လာမည့်ဧပြီလမှ စတင်၍ နောက်နှစ်မတ်လအထိ အကောင်အထည်ဖော်ဆောင်ရွက်တော့မည်ဖြစ်သည်။ ဘဏ္ဍာရေးနှစ် တစ်နှစ်တာအတွက် ရေးဆွဲထားသည့် အမျိုးသားစီမံကိန်းလျာထားချက်များကို အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများက ကဏ္ဍအလိုက် တာဝန်ယူကြရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ကဒေသအလိုက် တာဝန်ယူကြရမည်ဖြစ်သည်။ စီမံကိန်းလျာထား ချက်များအတိုင်း အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းသွားကြရမှာလည်းဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းသည် အမျိုးသားဖွံ့ဖြိုးမှု (၅)နှစ် စီမံကိန်းမူဘောင်ကို အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်ပြီး (၅)နှစ်စီမံကိန်း၏ ပထမနှစ်ဖြစ်သည်။ အမျိုးသားဖွံ့ဖြိုး မှု (၅)နှစ် စီမံကိန်းအရ စီးပွားရေးတိုးတက်မှုနှုန်း ပျမ်းမျှ ၄ ဒသမ ၃ ရာခိုင်နှုန်းခန့် ရည်မှန်းထားခြင်းဖြစ်ရာ မကြာမီစတင်တော့မည့် ဘဏ္ဍာရေးနှစ်သစ်သည် အခြေခံနှစ်ဖြစ်သည့်အလျောက် လျာထားချက်များ ပြည့်မြောက်ကျော်လွန်အောင် ကြိုးပမ်း အကောင်အထည်ဖော်နိုင်ရန် အရေးကြီးသည်။ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့အလိုက် စီမံကိန်းလျာထားချက်များကို အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်များအကြား အချိတ်အဆက်မိမိ၊ ဟန်ချက်ညီညီ၊ ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းကောင်းဖြင့် ဆောင်ရွက်သွားနိုင်သည်နှင့်အမျှ အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေး မြှင့်တင်လျက်ရှိပါကြောင်း၊ လာမည့်နှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုသည့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ပြည်သူလူထု၏ စားဝတ်နေမှု ဖူလုံစေရေးများကို အလေးထား ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း” ဖြင့် အမျိုးသား စီမံကိန်းကော်မရှင်အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂)တွင် အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများမှ စားသောက်ကုန်များ၊ လူသုံးအိမ်သုံးပစ္စည်းများ ထုတ်လုပ်လျက်ရှိရာ ပြည်တွင်းလိုအပ်ချက်နှင့်အညီ ထုတ်လုပ်နိုင်စေရန် မြှင့်တင်ပေးခြင်းအားဖြင့် ပြည်ပမှ တင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။ အကျိုးဆက် အနေဖြင့် နိုင်ငံခြားလိုငွေများ လျှော့ချနိုင်ခြင်း၊ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာခြင်း၊ ပြည်တွင်းငွေကြေးလည်ပတ်မှု ကောင်းမွန်လာပြီး ဝယ်လိုအား ရောင်းလိုအား ကောင်းမွန်လာသည်နှင့်အမျှ ပြည်တွင်းစီးပွားရေးတိုးတက်လာခြင်းစသည့် အကျိုးရလဒ်များ ရရှိနိုင်မည်ဖြစ်သည်။

မိမိတို့နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ရာ အမြန်ဆုံး ကုစားနိုင်ရေးနှင့် ပြန်လည်ဦးမော့လာစေရန် ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိသည်။ လာမည့် ဘဏ္ဍာရေးနှစ်သစ်တွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သည့်နည်းတူ ပြည်သူလူထုစားဝတ်နေမှု ဖူလုံစေရေးကိုလည်း အလေးထား ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ရာကဏ္ဍအလိုက်၊ ဒေသ အလိုက် တာဝန်ယူဆောင်ရွက်မှုများ ပီပြင်သည်နှင့်အမျှ နိုင်ငံ့စီးပွားနှင့် ပြည်သူတို့၏ ယုံကြည်အား ထားမှုတို့ မြင့်မားလာမည် ဧကန်သာဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်