Skip to main content

မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၁

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း အားကစားရုံများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ဘောလုံးအားကစားကွင်းကို ကြည့်ရှုစစ်ဆေးပြီး ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြည်စေရေး၊ ဆိုလာစနစ်ဖြင့် ရေရရှိရေး၊ ဘောလုံးကွင်းအမြဲ သန့်ရှင်းသာယာ လှပမှုရှိစေရေး ဆောင်ရွက်ထားရန်၊ ကွင်းပတ်လည်တွင် ဈေးရောင်းချသူများမရှိစေရေး ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် ဘောလုံးကွင်း ပွဲကြည့်စင်နှင့် အုတ်နံရံတံတိုင်းများ ရေရှည်တည်တံ့ ခိုင်မြဲစေရေး ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ဘောလုံးအားကစားကွင်းနှင့် မိုးလုံလေလုံ အားကစားရုံများကို လည်းကောင်း၊ ရေနံချောင်းမြို့နယ် ဘောလုံးအားကစားကွင်းနှင့် မိုးလုံလေလုံအားကစားရုံများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးချုပ်ထံ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးခရိုင် ဘောလုံးအားကစားကွင်းကို လည်းကောင်း၊ မင်းဘူးခရိုင် ဘောလုံးအားကစားကွင်းကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ခရိုင်/ မြို့နယ် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရုံးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ ပြီးစီးနိုင်ရေးအတွက် ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်