နေပြည်တော် မတ် ၁၁
PDF အမည်ခံ အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက် ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိလာရပါသည်။
ထိုကဲ့သို့ ဆရာ၊ ဆရာများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာတွင် မတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ နဂါးပွက်အခြေခံပညာ အလယ်တန်းကျောင်းခွဲသို့ PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာကာ ကျောင်းအတွင်း ကျောင်းသား၊ ကျောင်းသူများအား စာပေသင်ကြားပေးလျက်ရှိသည့် အလယ်တန်းပြ ဦးသန်းမင်းဟန်(၃၃)နှစ် (ဘ)ဦးမျိုးဝေ၊ မူလတန်းကျောင်းအုပ် ဦးလှိုင်ဝင်း (၄၁)နှစ် (ဘ)ဦးဘိုလေး၊ အလယ်တန်းပြ ဒေါ်နေခြည်ဦး (၄၀)နှစ် (ဘ)ဦးအောင်ဝင်းနှင့် အလယ်တန်းပြ ဒေါ်ခင်သဲဖြူ(၃၃)နှစ် (ဘ)ဦးဇော်မောင်တို့အား “ဒလန်”ဟု စွပ်စွပ်ကာ အကြမ်းဖက်ခြိမ်းခြောက် ပြောဆိုရိုက်နှက်ပြီး ၎င်းတို့ ၄ ဦးထံမှ လက်ကိုင်ဖုန်းများနှင့် ငွေများအား အတင်းအဓမ္မ လုယက်ယူဆောင်၍ ဝက်မှီးကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်ရိုက်နှက်မှုကြောင့် ဦးသန်းမင်းဟန်တွင် နဖူး/ယာမျက်ခုံး ပေါက်ပြဲဒဏ်ရာ ၂ ချက်၊ နှုတ်ခမ်းဖူးရောင်ဒဏ်ရာ ၁ ချက်၊ ဦးလှိုင်ဝင်းတွင် ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ခါးနာကျင်ဒဏ်ရာ ၁ ချက်၊ ဒေါ်နေခြည်ဦးတွင် ခေါင်းမူး/ ခါးနာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ပေါက်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပါသည်။
အထက်ပါဖြစ်စဉ်တွင် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက် ရိုက်နှက်၍ ငွေနှင့် လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမား ဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ရှာဖွေဖော်ထုတ် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။