နေပြည်တော်၊ မတ် ၁၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အားကစား ကွင်း/အားကစားရုံများကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်းရှိ နှစ်(၇၀၀)ပြည့် ဘောလုံးအားကစားကွင်းသို့ ရောက်ရှိပြီး ဘောလုံးကွင်းအတွင်း (Synthetic) ပြေးလမ်းခင်းကျင်းနေမှု၊ ဘောလုံးကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဘောလုံးကွင်း ပွဲကြည့်စင် တည်ဆောက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးကာ ဘောလုံးကွင်း ပွဲကြည့်စင်ကို ထပ်မံတိုးချဲ့ တည်ဆောက်သွားရန်၊ ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေရေး၊ သန့်ရှင်း သာယာလှပမှုရှိစေရေး ဆောင်ရွက်ထားရှိရန်၊ ဘောလုံးကွင်းတည်ဆောက်ပြီးစီးပါက ပြည်သူများ စိတ်လက်ပေါ့ပါးစွာ လာရောက်ကစားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရှိရန်နှင့် ဘောလုံးကွင်းပတ်လည်ရှိ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး အတွက် စနစ်တကျ ပြုလုပ်ဆောင်ရွက်ထားရန် တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက် ဖူဆယ်အားကစားရုံနှင့် ကာယဗလ/ကာယအလှ အားကစားရုံအတွင်းရှိ လက်ဝှေ့စင်တည်ဆောက်ထားရှိမှုကို ကြည့်ရှုပြီး အားကစားကွင်း/အားကစားရုံများ ရေရှည် တည်တံ့ရန် စနစ်တကျထိန်းသိမ်း ဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများကို မှာကြားကာ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။ ဆက်လက်၍ စစ်ကိုင်းမြို့နယ် ဘောလုံးအားကစားကွင်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် တွေ့ဆုံ၍ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် မုံရွာမြို့ တိုင်းဒေသကြီး အားကစားကွင်းကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားပြီး တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။
မတ် (၁၀) ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယ ပညာသိပ္ပံ(မုံရွာ)သို့ ရောက်ရှိပြီး သင်တန်းသား/သင်တန်းသူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ မိမိကိုယ်တိုင် အားကစားသမားတစ်ဦး ဖြစ်သည့်အတွက် အားကစားသမားများ၏ စိတ်ခံစားချက် များကို နားလည် စာနာပေးနိုင်ကြောင်း၊ လိုအပ်သည်များရှိပါက တာဝန်ရှိသူများထံ အချိန်နှင့် တစ်ပြေးညီ တင်ပြနိုင် ကြောင်း မှာကြားပြီး ကျောင်းဝန်းအတွင်းရှိ ရုံးခန်း၊ ဆေးခန်း၊ အားကစားနှင့် ပညာရေးပေါင်းစပ် အထက်တန်းကျောင်းရှိ စာသင်ခန်းများ၊ အားကစားလေ့ကျင့်ရေးရုံများ၊ စားရိပ်သာတွင် သင်တန်းသား/သင်တန်းသူများအတွက် ချက်ပြုတ်ပြင်ဆင် ဆောင်ရွက်ထားမှု များနှင့် သင်တန်းသား/ သင်တန်းသူ အိပ်ဆောင်များအား သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်