Skip to main content

နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှု ရရှိစေရေးအတွက် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်ပေါ်မူတည်ကာ ဈေးနှုန်းမြင့်တက်လာခြင်း မဖြစ်စေရေး ပူးပေါင်းဆောင်ရွက်စေလို

နေပြည်တော် မတ် ၉

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် ညီနောင်အသင်းများ၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များ၊ နိုင်ငံပိုင်ဘဏ်၊ ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံဆွေးနွေးသည်။

တိုးတက်ကောင်းမွန်လာ

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက လက်ရှိကာလ၌ ကုန်သွယ်မှုကဏ္ဍ၏ ဝင်ငွေ၊ ထွက်ငွေအခြေအနေမှာ ဇန်နဝါရီလထက် ဖေဖော်ဝါရီလတွင် တိုးတက်ကောင်းမွန်လာကြောင်း၊ ယခုကာလတွင် ပဲနှင့်ပြောင်း ပို့ကုန်တင်ပို့ရမှု ကောင်းမွန်တိုးတက်လာကြောင်း၊ သို့ဖြစ်၍ USD ဈေးနှုန်း အတက်အကျမှာ ကြီးမားသော ပြောင်းလဲမှုမရှိသည်ကို တွေ့ရကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ပို့ကုန်တင်ပို့သူများ၏ ပို့ကုန်ရငွေများကို ကိုယ်တိုင်သုံးစွဲခြင်း၊ အခြားသူသို့ ရောင်းချခြင်း၊ ဘဏ်သို့ရောင်းချခြင်းတို့ကို ရက်ပေါင်း ၃၀ အတွင်း ဆောင်ရွက် စာရင်းရှင်းလင်း စေခဲ့ပါကြောင်း၊ ယင်းသည် ပို့ကုန်ဝင်ငွေရရှိသူများအနေဖြင့် လက်ဝယ်ကိုင်ဆောင်၍ ဈေးကစားခြင်း မပြုနိုင်စေရန်နှင့် လိုအပ်သူများသာ အမှန်အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်မှုကြောင့် ပို့ကုန်ရငွေများ ယခင်ကထက် ပိုမိုဝင်ရောက်လာပြီး ကုန်သွယ်မှုပိုငွေ၊ လိုငွေအပိုင်းတွင်လည်း လိုငွေ လျော့နည်းလာကြောင်း။

ထိုသို့သော အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်းသည် တည်ငြိမ်မှုရှိနေရမည် ဖြစ်သော်လည်း ယခုအပတ်တွင် ရုတ်ချည်း ဈေးတက်လာသည်ကို တွေ့ရပါကြောင်း၊ ပို့ကုန် တင်ပို့သူများက ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း သဘောမျိုး သက်ရောက်နေပါကြောင်း၊ နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှု ရရှိစေရေးအတွက် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်ပေါ်မူတည်ကာ ဈေးနှုန်းမြင့်တက်လာခြင်း မဖြစ်စေရေး ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီး ဒေါ်လာဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေသော ကိစ္စရပ်များအပေါ် စစ်ဆေးဆောင်ရွက် သွားရန်ရှိပါကြောင်း၊ ပုဂ္ဂလိကဘဏ်များနှင့် လုပ်ငန်းရှင်များအနေဖြင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး ပူးပေါင်းဆောင်ရွက် ကြရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာသည့် ဘဏ်များ၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များက နိုင်ငံခြားငွေကြေးဈေးကွက်တွင် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်နေကြောင်း၊ ယခုကာလတွင် နိုင်ငံတကာ၌ ဖြစ်ပွားနေသော အခြေအနေများကြောင့်  အမေရိကန်ဒေါ်လာတန်ဖိုး မြင့်မားလာခြင်းနှင့်အတူ အာရှနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ငွေကြေးတန်ဖိုး ကျဆင်းလျက်ရှိကြောင်း၊ မြန်မာကျပ်ငွေတန်ဖိုးလည်း ကျဆင်းနေခြင်းဖြစ်ကြောင်း၊ လတ်တလောကာလတွင် စက်သုံးဆီဈေးနှုန်း လွန်စွာမြင့်မားနေသဖြင့် နိုင်ငံခြားငွေလိုအပ်မှု ပိုမိုများပြားနေကြောင်း ဆွေးနွေးကြသည်။

ဆွေးနွေးပြောကြား

နိဂုံးချုပ်အနေဖြင့် ဒုတိယဥက္ကဋ္ဌက နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုနှင့် ငွေရေးကြေးရေး တည်ငြိမ်မှုတို့သည် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ၏ အသိတရားနှင့် လိုက်နာဆောင်ရွက်မှုအပေါ် တည်မှီပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးတည်ငြိမ်မှသာ နိုင်ငံအတွင်းရှိ လုပ်ငန်းများ လုပ်ဆောင်မှုတည်ငြိမ် ချောမွေ့စေမည်ဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်