နေပြည်တော် မတ် ၉
ဥပဒေရေးရာ ဝန်ကြီးဌာနသည် ဥပဒေဘာသာပြန် ကော်မရှင်က မြန်မာဘာသာသို့ ပြန်ဆိုပြီးသည့် ဥပဒေများကို စာအုပ်ထုတ်ဝေလျက်ရှိရာ ဘာသာပြန်စာအုပ် အမှတ် (၁၀) စာအုပ်ကို ထုတ်ဝေပြီး ဖြစ်သည်။
ဥပဒေဘာသာပြန် ကော်မရှင်အဖွဲ့ကို ဥပဒေဘာသာပြန် ကော်မရှင်ဥပဒေအရ ၂၀၁၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ဥပဒေပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။
ဥပဒေဘာသာပြန် ကော်မရှင်အဖွဲ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် အင်္ဂလိပ်ကိုလိုနီခေတ်က အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများကို မြန်မာဘာသာသို့ ပြန်ဆိုလျက်ရှိရာ ယခုအကြိမ်တွင် The Land Customs Act ကို ကုန်းလမ်း အကောက်ခွန် အက်ဥပဒေအဖြစ် လည်းကောင်း၊ The Legal Representatives Suits Act ကို တရားဝင်ကိုယ်စားလှယ်များဆိုင်ရာ တရားမမှု အက်ဥပဒေအဖြစ် လည်းကောင်း၊ The Arbitration (Protocol and Convention) Act ကို အနုညာတစီရင် ဆုံးဖြတ်ခြင်း (အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၏ နောက်ဆက်တွဲ သဘောတူစာချုပ်နှင့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်) အက်ဥပဒေအဖြစ် လည်းကောင်း မြန်မာဘာသာသို့ ပြန်ဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဥပဒေဘာသာပြန် အမှတ်(၁၀) စာအုပ်သည် ဥပဒေဘာသာပြန်ကော်မရှင် ဥပဒေ ပုဒ်မ ၁၂ အရ မူလစာမူနှင့် အလားတူအာဏာတည်ကြောင်း၊ ၁၃-၁-၂၀၂၂ ရက်နေ့တွင် ဥပဒေဘာသာပြန်ကော်မရှင် ဥက္ကဋ္ဌက အမိန့်အမှတ် ၁/၂၀၂၂ ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ သို့ပါ၍ ယခု ဥပဒေဘာသာပြန်အမှတ် (၁၀) စာအုပ်သည် တရားဝင် ကိုးကားသုံးစွဲနိုင်ပြီး ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာ လေ့လာလိုသူများအတွက် အဖိုးတန်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး လူတိုင်းအတွက် ထားရှိသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်