Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မတ် ၄

၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်ထောင်စုအဆင့် ဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ယနေ့အစည်းအဝေးသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများကို စိစစ်သည့် အစည်းအဝေးဖြစ်ကြောင်း။

နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ ဘဏ္ဍာရေး စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက စိစစ်တင်ပြလာသည့် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်း၍ ထပ်ဆင့်စိစစ်သွားမည် ဖြစ်ကြောင်း။

ယခုကာလသည် ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လည်းကောင်း၊ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုကြောင့်လည်းကောင်း ကမ္ဘာ့နိုင်ငံများတွင် စီးပွားရေး ကျဆင်းခဲ့ရပြီး အထွေထွေကုန်စည်ဈေးနှုန်းများ၊ ကမ္ဘာ့ရွှေဈေး၊ ရေနံဈေးနှင့် ငွေကြေးဈေးနှုန်း မတည်ငြိမ်မှုများလည်း ကြုံတွေ့နေကြရကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ ကဲ့သို့သောနိုင်ငံများ၏ စီးပွားရေးအခြေအနေကိုလည်း ရိုက်ခတ်မှုများ ရှိနေသည်ကို ကြုံတွေ့နေကြရကြောင်း၊ ထို့ကြောင့် တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ကျော်လွှားနိုင်ရေးနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီနိုင်ရန် အခွန်ဆိုင်ရာ ဖြေလျှော့မှုများနှင့် ငွေကြေးထောက်ပံ့မှု များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပေးခဲ့ရကြောင်း၊ နိုင်ငံတော်၏ ရငွေရရှိမှုကိုထိခိုက်ခဲ့ကြောင်း၊ တစ်ဖက်တွင် အစိုးရအနေဖြင့် နိုင်ငံအတွက် မဖြစ်မနေသုံးစွဲရမည့် အသုံးစရိတ်များနှင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် အသုံးစရိတ်များကို သုံးစွဲကြရကြောင်း။

အဆိုပါ အခြေအနေများအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ ရငွေများကို လျော့နည်းခန့်မှန်းလျာထားခဲ့ရပြီး ရငွေရရှိနိုင်မှု အနေအထားအပေါ် မူတည်၍ အသုံးစရိတ်ကို စိစစ် ခွဲဝေပေးရခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ယခုနှစ်တွင် နိုင်ငံတော်၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေမည့် အသုံးစရိတ်များ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အသုံးစရိတ်များကို ဦးစားပေး လျာထား ဆောင်ရွက်ကြစေလိုကြောင်း။

စက်သုံးဆီသုံးစွဲမှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် စက်သုံးဆီများကို ပြည်ပမှ ဝယ်ယူတင်သွင်းနေရသည့်အတွက် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းစေရန်နှင့် အသုံးစရိတ် လျှော့ချနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် စက်သုံးဆီသုံးစွဲမှု ဆိုင်ရာညွှန် ကြားချက်များထုတ်ပြန်ခဲ့ပြီး ညွှန်ကြားချက်နှင့်အညီ စိစစ်ခွင့်ပြုထားသည်ကို တွေ့ရမည် ဖြစ်ကြောင်း။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်း၏ သာမန်အသုံးစရိတ်တွင် စက်သုံးဆီနှင့်ပတ်သက်၍ ဌာန၊ အဖွဲ့အစည်းများက ဝန်ထမ်းရာထူးအဆင့်အလိုက် သတ်မှတ်လျာထားသည့် စက်သုံးဆီ၊ အုပ်ချုပ်မှုသုံးနှင့် လုပ်ငန်းသုံးယာဉ်များအတွက် လျာထားသော စက်သုံး ဆီ အရေအတွက် ဂါလန်များသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် လျာထားခဲ့သည့် စက်သုံးဆီအရေအတွက် ဂါလန်များနှင့် နှိုင်းယှဉ်လျှင် များစွာလျော့နည်း သွားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များသည် အဆောင်အယောင်များဆိုင်ရာ ဥပဒေအရ ခံစားခွင့်ပြုထားတဲ့ မော်တော်ယာဉ်များ၏ စက်သုံးဆီသုံးစွဲခွင့်ပြု နှုန်းထားများကိုလည်း လက်ရှိ နိုင်ငံတော်၏ရငွေပိုင်းအခြေအနေအရ၊ ခြိုးခြံချွေတာ ရေးအရ ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ လျှော့ချ သုံးစွဲကြမည်ဖြစ်ကြောင်း။
ငွေလုံးငွေရင်းအသုံးစရိတ်များအနေဖြင့် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကကျသည့်ကဏ္ဍများဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ် အားရရှိရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးကဏ္ဍများနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များကို ဦးစားပေးခွင့်ပြု ပေးထားကြောင်း၊ ဝန်ထမ်းအိမ်ရာအသစ်၊ ရုံးအသစ်ဆောက်လုပ်ခြင်း၊ ပစ္စည်းများ ဝယ်ယူခြင်း၊ ရုံးသုံး စက်ကိရိယာပစ္စည်းများ ဝယ်ယူခြင်း စသည်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက် အမှာစာပါ ညွှန်ကြားချက်များနှင့် အရအသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲတင်ပြရာတွင် လိုက်နာရမည့် အခြေခံမူများနှင့်အညီ စိစစ်လျှော့ချပြီး နယ်မြေဒေသအခြေအနေနှင့် လုံခြုံရေးအခြေအနေများအရ လိုအပ်သော ကိစ္စများကိုသာ ခွင့်ပြုပေးထားကြောင်း။

ဝန်ကြီးဌာနများအလိုက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်၊ ရက်စွဲပါ စာဖြင့် ဘတ်ဂျက်ရေးဆွဲရာတွင်လိုက်နာရမည့် ကိစ္စရပ်များ ၊ အကြောင်းကြားချက်များ နှင့်စပ်လျဉ်း၍ ရေးဆွဲတင်ပြလာသည့် အရအသုံးငွေစာရင်းများကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက အခြေခံမူအဖြစ် သာမန်အသုံးစရိတ်ကဏ္ဍာတွင် ၇ ချက်၊ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ၄ ချက် စသည်ဖြင့် အသေးစိတ်ဆောင်ရွက် ပြီးမှသာ ဝန်ကြီးဌာနများအလိုက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံးလျာထားချက် စာရင်းကို ယနေ့ ထပ်မံညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း။

ထိုသို့ဆွေးနွေးကြရာတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါ ယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ နေပြည်တော်ကောင်စီ အပါအဝင် ဝန်ကြီးဌာန ၁၀ ခုကို ထူးခြားသည့် အသုံးစရိတ်အဖြစ် လျာထားပေးထားသည်ကို တွေ့ရကြောင်း၊ ထို့ပြင် Quick & Win ရရှိနိုင်မည့် အသုံးစရိတ် အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ စက်မှုဝန်ကြီးဌာန စသည့် ဝန်ကြီးဌာန ၃ ခုကို နိုင်ငံတော်၏ စီမံကိန်းဖြစ်သည်နှင့် အညီလျာထားသတ်မှတ်ပေးထားကြောင်း၊ အထူးကိစ္စတစ်ရပ်အနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ရောက်ရှိမည့် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့သည် ထူးခြားလေးနက်ပြီး အနှစ်သာရပြည့်ဝသည့် နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ကျင်းပ နိုင်ရေးအတွက် ဘတ်ဂျက်ဆိုင်ရာ လျာထားချက်တွင် မဖြစ်မနေထည့်သွင်း ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ်တင်ပြလာသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်အတွက် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းကို ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်သို့ ဆက်လက်တင်ပြသွားမည် ဖြစ်သည့်အတွက် ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် လိုအပ်ချက်များကို ထပ်မံ ဆွေးနွေး တင်ပြကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ပြည်ထောင်စုအဆင့်ဌာန ၊ အဖွဲ့အစည်းများမှ ရေးဆွဲတင်ပြလာသော ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေ စာရင်းများကို ခြုံငုံရှင်းလင်း တင်ပြပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်း ခြေငွေစာရင်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ရငွေ၊ သုံးငွေ စာရင်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး အဖွဲ့ဝင် ဦးဉာဏ်ထွန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် တို့က သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းလိုအပ်ချက်များကို ဖြည့်စွက်တင်ပြကြရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အတွင်းရေးမှူး က ဖြည့်စွက်ဆွေးနွေး သည်။

ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် ဆွေးနွေး ညှိနှိုင်း စိစစ်ခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်သို့ တင်ပြသွားမည်ဖြစ်ကြောင်း။
ဖြည့်စွက်တင်ပြကြသည့် ဝန်ကြီးဌာနမျာအနေဖြင့်လည်း အချိန်မီတင်ပြနိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဆက်လက်ပြီး ဘဏ္ဍာရေးဆိုင်ရာကော်မရှင်၏ ထောက်ခံချက်ဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီသို့ ဆက်လက်တင်ပြကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းမည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု အဆင့်ဌာန၊ အဖွဲ့အစည်းများက တင်ပြတောင်းခံကြသည့် အသုံးစရိတ်များတွင် ပုံမှန်သုံးစွဲနေကျ အသုံးစရိတ်များအပြင် နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် အထောက်အကူ ဖြစ်စေမည့် အသုံးစရိတ်များလည်းပါဝင်ကြောင်း၊ ပုံမှန်သုံးစွဲရသည့် အသုံးစရိတ် များအနေဖြင့် လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာအသုံးစရိတ်များ၊ လျှပ်စစ်နှင့်စွမ်းအင် လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု ကိုအကျိုးပြုစေသော အသုံးစရိတ်များ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူဖြစ်စေသည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အသုံးစရိတ်များပါဝင်ပြီး နိုင်ငံတော်၏ စီးပွားရေးပြန်လည် ဦးမော့လာစေရန် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များ ပါဝင်ကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆက်လက်သုံးစွဲရမည့် အသုံးစရိတ်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးအတွက် ကုန်ကြမ်းပစ္စည်း ဝယ်ယူသည့် အသုံးစရိတ်များနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရေး လုပ်ငန်းများအတွက် အသုံးစရိတ်များ ကိုလည်း စိစစ်ခွင့်ပြုပေးထားကြောင်း၊ ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းများတွင် အဓိကလိုအပ်သော သံမဏိပစ္စည်းများကို ပြည်ပမှ တင်သွင်းမှုလျှော့ချသွားရန်နှင့် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းသွားစေရေးအတွက် လည်းကောင်း၊ ပြည်တွင်းနေနိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး အတွက် လည်းကောင်း၊ စက်မှုဝန်ကြီးဌာနတွင် ရပ်ဆိုင်းထားသော သံမဏိစက်ရုံ (မြင်းခြံ) နှင့် (ပင်းပက်) စီမံကိန်းများပြန်လည် လည်ပတ်နိုင်ရေးဆိုင်ရာ အသုံးစရိတ် များကိုလည်း ခွင့်ပြုပေးထားကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး၊ ကုန်စည် ကူးသန်းရောင်းဝယ်ရေး၊ အားကစားနှင့် လူငယ်ရေးရာဆိုင်ရာ အခြေခံအဆောက်အဦ အသစ်များ တည်ဆောက်နိုင်ရေးအတွက်လည်း အသုံးစရိတ်များ လျာထားခွင့်ပြုပေးထားသည်ကို တွေ့ကြရကြောင်း။

ထို့ပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အမှန်ရရှိနိုင်မည့် ပြည်ပအကူအညီရငွေ၊ ပြည်ပချေးယူရငွေများဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအတွက် အသုံးစရိတ်များ ကိုလည်း စိစစ်ပြီး လျာထားခွင့်ပြုထားကြောင်း၊ ပြည်ထောင်စု အဆင့်ဌာန၊ အဖွဲ့အစည်းများ အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် လျာထားသည့် ဘဏ္ဍာငွေများကိုသုံးစွဲ၍ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့်အညီ မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သုံးစွဲကြရာတွင် တည်ဆဲဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ သုံးစွဲရန်လိုအပ်ပြီး နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေး တွေ့ရှိချက် အကြံပြုချက်များကိုလည်း တိကျစွာ လိုက်နာဆောင်ရွက်ရေး ကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်ပချေးငွေများ ရယူထားသည့် အဖွဲ့အစည်းများ အနေဖြင့်လည်း မိမိတို့ရယူထားသည့် ချေးငွေများကို အကျိုးရှိစွာသုံးစွဲရန်လိုအပ်ကြောင်း၊ ဌာန၊ အဖွဲ့အစည်းများ၏ ရငွေလျာထားချက်များကို ပြည့်မီရုံ သာမက လျာထားချက်ထက် ကျော်လွန်ရရှိအောင်ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်တွင် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး အခြေအနေ ပြန်လည်မြှင့်တင် ကောင်းမွန်လာစေရေးအတွက် ဘက်စုံကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။