နေပြည်တော် မတ် ၄
၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ယနေ့ကျင်းပသည့် အစည်းအဝေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တိုင်းဒေသကြီး နှင့်ပြည်နယ်များ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်း ခြေငွေစာရင်း လျာထား ချက်များကို ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးသို့ မတင်ပြမီ စိစစ်သည့် အစည်း အဝေးဖြစ်ကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တိုင်းဒေသကြီး နှင့် ပြည်နယ် စီးပွားရေးရာဝန်ကြီးများနှင့် ဗီဒီယိုကွန်ဖရင့်ဖြင့် ချိတ်ဆက်၍ ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ရက်တို့တွင် ညှိနှိုင်းစိစစ်ထားပြီးဖြစ်ကြောင်း၊ ယခု အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ထပ်မံဆွေးနွေးပြီး ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်သို့ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်သည်နိုင်ငံတော်က ဘဏ္ဍာရေးနှစ်ကို ပြန်လည် ပြောင်းလဲပြင်ဆင် သတ်မှတ်ပြီးနောက် စတင်ဆောင်ရွက်သည့် ပထမဆုံးဘဏ္ဍာရေးနှစ်ဖြစ်ကာ (၁)နှစ်တာကာလ ဘတ်ဂျက်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့် ဘတ်ဂျက်များ လျာထားရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပြည်သူလူထု၏ အကျိုးစီးပွား လိုအပ်ချက်များကို တိုက်ရိုက်ဖြည့်ဆည်းပေးနိုင်မည့် လုပ်ငန်းများ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း အထောက်အကူ ပြုစေသည့် အသုံးစရိတ်များ ဦးစားပေး သတ်မှတ်လျာထားကြသည်ကို တွေ့ရကြောင်း။
ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေနှင့် ကမ္ဘာ့နိုင်ငံရေးဇတ်ခုံ ပြောင်းလဲမှု ဖြစ်စဉ်များအရ နိုင်ငံတော်၏ ကဏ္ဍစုံရငွေများ လျော့နည်းနိုင်သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၏ လိုငွေအတွက် ပြည်ထောင်စုမှ ထောက်ပံ့ငွေကို ယခင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ကထက် ၁၂ ရာခိုင်နှုန်း လျော့နည်းပြီး ၈၈ ရာခိုင်နှုန်းအထိ ထောက်ပံ့ထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အခွန် ဝေစုကိုလည်း အလားတူ လျော့နည်းခွဲဝေပေးခဲ့ရကြောင်း၊ သို့ရာတွင် ပြည်ထောင်စုမှ ထောက်ပံ့ငွေ၊ ရငွေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရငွေအပေါ် မူတည်၍ ပြည်သူလူထု၏ လိုအပ်ချက်များကိုတိုက်ရိုက် အကျိုးပြုစေမည့်လုပ်ငန်းများကို ထိရောက်စွာသုံးစွဲကြရန် တိုက်တွန်းလိုကြောင်း။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်သည် တိုင်းပြည်စီးပွားရေး ပြန်လည် ဦးမော့လာစေရန် အားပေးဆောင်ရွက်ရမည့် နှစ်တစ်နှစ်ဖြစ်သကဲ့သို့ အုပ်ချုပ်မှုဆိုင်ရာ သာမန်အသုံး စရိတ် များဖြစ်သည့် ဝန်ထမ်းလစာစရိတ်များ၊ စက်သုံးဆီစရိတ်များ၊ ပြင်ဆင်ထိန်းသိမ်းစရိတ် များစသည်တို့ကို ခြိုးခြံချွေတာပြီး GDP တိုးတက်စေမည့် ကုန်ထုတ်လုပ်မှု အကျိုးပြု အသုံးစရိတ်များနှင့် ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်များကို ဦးစားပေးသုံးစွဲသင့်သည့် နှစ် ဖြစ်ကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ်သည့်အချိန်တွင် အခြေခံအားဖြင့် သာမန်အသုံးစရိတ်ဆိုင်ရာအချက် ၂ ချက် ၊ ငွေလုံးငွေရင်းအသုံး စရိတ်ဆိုင်ရာအချက် ၂ ချက်နှင့် ပြည်ပချေးငွေပြည်ပ အကူအညီရငွေကို အမှန်တကယ် ရနိုင်မည့် ပမာဏကိုသာ ခန့်မှန်းလျာထား စိစစ်ထားသည်ကို တွေ့ရကြောင်း။
ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် ညှိနှိုင်း၍ စိစစ်ထားသော ဘဏ္ဍာငွေအရ အသုံးလျာထားချက်များနှင့် စပ်လျဉ်း၍ ထပ်မံဖြည့်စွက် တင်ပြရန် ရှိပါက တင်ပြနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရ အသုံးခန့်မှန်းခြေ ငွေစာရင်းလျာထားချက်များကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကြိုတင်စိစစ် ဆောင်ရွက်ခဲ့မှု အကျဉ်းချုပ်ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏အရ အသုံးခန့် မှန်းခြေငွေစာရင်း များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော် က ရငွေ၊ သုံးငွေ စာရင်းများနှင့် စပ်လျဉ်း၍ စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများကို အကောင် အထည်ဖော်ရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့် ကိုက်ညီမှုရှိစေရန်နှင့် နိုင်ငံတော်၏မူဝါဒများအရ လျှပ်စစ်မီးရရှိရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးစသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အသုံးစရိတ်များကို ထိထိရောက်ရောက်ဖြစ်အောင် သုံးစွဲစေလိုကြောင်း၊ ထိုသို့သုံးစွဲကြရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် တင်ပြဆွေးနွေးသည့် တွေ့ရှိချက်နှင့် အကြံပြုချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ကြပ်မတ် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း။
အသုံးစရိတ်များသုံးစွဲကြရာတွင် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာ လိုက်နာကြရန်နှင့် အသုံးစရိတ်များအတွက် မှတ်တမ်းမှတ်ရာများနှင့် အထောက် အထားများကို စာရင်းစစ်ဆေးခံနိုင်ရန် အဆင်သင့် ဆောင်ရွက်ထားကြစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရရှိမည့်အခွန်အကောက်ရငွေများ၊ အခြား သာမန်ရငွေများကိုလည်း လျာထားသည့်အတိုင်း ပြည့်ဝစွာကောက်ခံရရှိနိုင်ရန် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ အသုံးစရိတ်များ အကောင်အထည်ဖော်ရာတွင် မိမိတို့ အစိုးရလက်ထက်၌ တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာစေရန် စီမံအုပ်ချုပ်မှုဆိုင်ရာ အသုံးစရိတ်များကို တတ်နိုင်သမျှ ခြိုးခြံချွေတာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အသုံးစရိတ်များကိုသာဦးစားပေး ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများကို နှိုင်းယှဉ် သည့်အခါ စုစုပေါင်း ရငွေပိုင်းတွင် ၂၀၁၉ - ၂၀၂၀ အမှန်စာရင်းစုစု ပေါင်းရငွေသည် ငွေကျပ် ၁၁၇၇ ဘီလီယံကျော်ရှိပြီး ၂၀၂၀- ၂၀၂၁ ရှေ့ပြေးအမှန်မှာ ငွေကျပ် ၇၈၆ ဒသမ ၆ ဘီလီယံကျော် ၊ ၂၀၂၁ - ၂၀၂၂ မီနီဘတ်ဂျက် ၆ လ မူလခန့်မှန်းခြေသည် ငွေကျပ် ၅၁၆ ဒသမ ၈ ဘီလီယံကျော် နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လျာထားအပေါ် စိစစ်ပြီး ၁၀၅၈ ဒသမ ၉ ဘီလီယံကျော် ဖြစ်သည်ကိုတွေ့ရကြောင်း၊ စုစုပေါင်းသုံးငွေပိုင်းကို ကြည့်မည်ဆိုလျှင် ၂၀၁၉ - ၂၀၂၀ အမှန်စာရင်းသည် ငွေကျပ် ၃၃၄၁ ဘီလီယံကျော် ၊ ၂၀၂၀-၂၀၂၁ ရှေ့ပြေးအမှန်စာရင်းသည် ငွေကျပ်ဘီလီယံ ၃၀၅၃ ဒသမ ၅ ဘီလီယံကျော် မီနီ ဘတ်ဂျက်တွင် ငွေကျပ်၁၅၇၉ ဒသမ ၈ ဘီလီယံကျော်နှင့် ၂၀၂၂-၂၀၂၃ဘဏ္ဍရေးနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ်ပြီး ခန့်မှန်း ငွေကျပ် ၃၁၃၁ ဒသမ ၅ ဘီလီယံ ကျော်ရှိမည်ဟု ခန့်မှန်းထားသည်ကို စာရင်းဇယားများအရ၊ စိစစ်ချက်များအရတွေ့ရှိရကြောင်း၊ ရသုံးစာရင်းနှိုင်းယှဉ်မည်ဆိုလျှင် နှစ်စဉ်ရငွေနှင့် သုံးငွေအပျမ်းမျှအချိုးသည် ၁အချိုး၃ရှိသည်ကို တွေ့ရပြီး သုံးငွေကဏ္ဍသည် ရငွေကဏ္ဍထက် ၃ ဆ ပိုမိုများပြားနေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ဝင်ငွေရရှိရေးနှင့် သုံးငွေ လျော့ချရေးအတွက် သက်ဆိုင်ရာဝန်ကြီးချုပ်များ အနေဖြင့်မိမိတို့၏ တိုင်းဒေသကြီနှင့် ပြည်နယ် များအလိုက် ဘက်စုံထောင့်စုံမှစိစစ်ခြင်း၊ ခြိုးခြံချွေတာခြင်း စသည့်လုပ်ငန်းများကို ကြပ်မတ်ထိန်း သိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ပို့ကုန်နှင့် ပြည်ပဝန်ဆောင်မှုကဏ္ဍ၊ ပို့ကုန်အမယ်များတိုး တက်စေရေးကဏ္ဍ၊ GDP တွင်လယ်ယာ၊သား၊ငါး၊ သစ်တောကဏ္ဍအချိုးမြင့်မားစေရေး ကဏ္ဍအပြင် စက်မှုကဏ္ဍ၌ နိုင်ငံတော်၏စီမံကိန်းများတွင် လိုအပ်သလို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။
အသုံးစရိတ်ပိုင်းတွင် မီနီဘတ်ဂျက်နှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှင့် အရအသုံး အချိုးကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့၏ အသုံး စရိတ် အချိုးက လျော့နည်းပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် အသုံးစရိတ်အချိုးတိုးမြင့်လာကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သည် ယခင်နှင့် ယခုအချိုး တူညီနေကြောင်း၊ အသုံးစရိတ်များခြင်း၊ အသုံးစရိတ်ကို မူလအတိုင်းသုံးရန် လျာထား ခြင်းအပေါ် အတတ်နိုင်ဆုံး စိစစ်သုံးစွဲနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် လျာထားအသုံးစရိတ်အတွက် မဖြစ်မနေစရိတ်များကိုသာ အတတ်နိုင်ဆုံးလျော့ချသုံးစွဲ သွားကြရမည်ဖြစ်ကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်၏ GDP တိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့် အညီ စီမံကြီးကြပ် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံးလျာထားချက်များကို ဘဏ္ဍာရေး ဆိုင်ရာ ကော်မရှင်သို့ ဆက်လက်တင်ပြပြီး ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုပြီးသည့်အခါ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီသို့ တင်ပြ၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကို ပြဋ္ဌာန်းမည်ဖြစ်ကြောင်း၊ ထိုသို့ပြဋ္ဌာန်းပြီးသည့်အခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသို့တင်ပြ၍ ဥပဒေထုတ်ပြန် ပြဋ္ဌာန်းဆောင်ရွက်နိုင်ရန် လိုအပ်သည်များကို အချိန်မီ ဆက်လက် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။
(သတင်းစဉ်)