Skip to main content

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၄

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိရာ မတ် ၂ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက သတင်းအရ သွားရောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ကုတ်မြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ (၁၀ ဒသမ ၈၅၁၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၉,၅၈၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ မတ် ၂ ရက်နှင့် ၃ ရက်တို့တွင် ရန်ကုန်တိုင်း‌ဒေသကြီး၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း တရားမဝင် ကျွန်းပရိဘောဂပစ္စည်းများ (၂ ဒသမ ၄၈၄၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၅,၄၄၀) နှင့် အဆိုပါ သစ်များ တင်‌ဆောင်လာသော  မော်တော်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၇၄၅,၄၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မတ် ၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဗန်းမောက်မြို့နယ်အတွင်း တရားမဝင် ကျွန်းသစ် (၂၁ ဒသမ ၅၇၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၄၉,၂၃၀) နှင့် သစ်လုပ်ငန်းသုံး ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၄၉,၂၃၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မတ် ၃ ရက်တွင် တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပဲခူးမြို့နယ်အကောက်ခွန် ဦးစီး ဌာနမှူးအဖွဲ့မှ ဝေါမြို့နှင့် ရွှေသံလွင် တိုးဂိတ်အကြား ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်တွင် တင်ဆောင်လာသည့် တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသော တရားမဝင် စားသုံးဆီ (၈၅)ဖာနှင့် အချိုရည်(၈၅)ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၉၇၅,၀၀၀)နှင့် အဆိုပါ စားသောက်ကုန် ပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂,၉၇၅,၀၀၀)ကို အကောက်ခွန်ဥပဒေအရ လည်းကောင်း၊ မတ် ၄ ရက်တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေး အဖွဲ့များက သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးခရိုင်နှင့် သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင် သစ်မျိုးစုံ (၅.၉၃၉၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၂၃,၆၉၀)ကို သစ်တောဥပဒေအရ လည်းကောင်း ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၂ ရက်၊ ၃ ရက်နှင့် ၄ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉,၅၅၂,၉၄၄) ဖြစ်ကြောင်း  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။ 

(သတင်းစဉ်)