မြန်မာနိုင်ငံသည်လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားသည့်နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့် ပြည်သူ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင်ကြပြီး အများစုသည် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ကိုင်ကြသည်။ စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံ ဖြစ်သည့်အလျောက် နိုင်ငံလူဦးရေနှင့် ထွက်ရှိသောစားနပ်ရိက္ခာများမှာ လောက် ဖူလုံပြီး အပိုအလျှံများကို ပြင်ပသို့ တင်ပို့ရောင်းချနိုင်သည်။
မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်(ဂျီဒီပီ)တွင် လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်သည် ထက်ဝက်မျှပါဝင်နေသည်။ မြန်မာနိုင်ငံရှိ စုစုပေါင်းလုပ်သားဦးရေ၏ သုံးပုံနှစ်ပုံခန့်ကို စိုက်ပျိုးရေးကဏ္ဍမှ အလုပ်အကိုင်ရရှိစေပြီး နိုင်ငံ၏အဓိကပို့ကုန် ဝင်ငွေကိုလည်း ရှာဖွေပေးနိုင်ပေသည်။ နှစ်စဉ်တိုးပွားလျက်ရှိသော နိုင်ငံ့လူဦးရေအတွက်လည်း စားနပ်ရိက္ခာဖူလုံအောင် ထုတ်လုပ်ပေးလျက်ရှိသည်။ ထို့အပြင် ပြည်တွင်းစုဆောင်းမှုနှင့် အရင်းအနှီးစုဆောင်းမှုတို့ကို လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ ဖြည့်ဆည်းပေးလျက်ရှိသည်။
ထို့ကြောင့် နိုင်ငံတော်စီးပွားရေး၊ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေးနှင့် အလုပ်အကိုင်စီးပွားဖြစ်ထွန်းရေးအတွက် လယ်ယာ စိုက်ပျိုးရေးကဏ္ဍသည် အဓိကအားထားရသည့်မဏ္ဍိုင်ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးမဏ္ဍိုင်ကို အစဉ်မပြတ် လည်ပတ်ရေး အတွက် ပင်ပန်းဆင်းရဲခံကာ လုပ်ကိုင်ဆောင်ရွက်နေကြသူများမှာ နိုင်ငံအနှံ့အပြားရှိ တောင်သူလယ်သမားဦးကြီးများဖြစ်သည်။ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းသည် ရေ၊ မြေ၊ ရာသီဥတုနှင့် သွင်းအားစု၊ ရောင်းအားစု အမျိုးမျိုးအပေါ်တွင် မှီခိုအားထား နေရသဖြင့် အခက်အခဲအမျိုးမျိုးရှိသဖြင့် တောင်သူလယ်သမားများဘဝ အနာဂတ်ရှင်သန်ရေးမှာ အရေးကြီးသည်။
၂၀၂၂ ခုနှစ် မတ် ၂ ရက်(ယနေ့)သည် နှစ်စဉ် တောင်သူလယ်သမားဦးကြီးများကို ဂုဏ်ပြုသည့်နေ့ဖြစ်သည်။ တောင်သူလယ်သမား ဦးကြီးများသည် နိုင်ငံတော်နှင့် ပြည်သူပြည်သား အကျိုးစီးပွားကို အပင်ပန်းအဆင်းရဲခံကာ ဖြည့်ဆည်းပေးနေ ကြသူများဖြစ်၍ ဂုဏ်ပြုထိုက်သူများဖြစ်ပေသည်။ ပြည်သူပြည်သားများ ရှင်သန်ရပ်တည်နေနိုင်ရေးအတွက် လိုအပ်သောအစာအာဟာရများ ဖြည့်ဆည်း ပေးနေသူများဖြစ်၍ ကျေးဇူးတင်ထိုက် ကျေးဇူးရှိသူများဖြစ်ပေသည်။ ထို့ကြောင့် တောင်သူလယ်သမားနေ့တွင် တောင်သူလယ်သမားဦးကြီးများကိုဂုဏ်ပြုပြီး လိုအပ်ချက်များကို ဝိုင်းဝန်း ဖြည့်ဆည်းပေးကြရမည်ဖြစ်သည်။
၂၀၂၂ ခုနှစ် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် အခမ်းအနားများ ဒေသအနှံ့တွင် ကျင်းပရာ၌ ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာအုပ်စုတွင်ကျင်းပသော တောင်သူလယ်သမားနေ့အခမ်းအနားသည် တောင်သူများ ၏ဘဝနှင့် အကျိုးစီးပွားကို ထင်ဟပ်ဖော် ဆောင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးတွင် ဆန်စပါးကို အဓိကစိုက်ပျိုးကြသည်။ မြန်မာနိုင်ငံသား ပြည်သူအားလုံးမှာ ဆန်ကိုသာ နေ့စဉ်စားသုံးကြသည်။ ဆန်သည် မြန်မာ နိုင်ငံသားများအတွက် အဓိကအားထားရာဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီဖြစ်ပြီး မိုးစပါးနှင့်နွေစပါး အများဆုံးစိုက်ပျိုးသောဒေသဖြစ်သည်။ စပါးအပြင် ပဲအမျိုးမျိုးနှင့် မီးဖိုချောင်သုံးသီးနှံမျိုးစုံစိုက်ပျိုးကြသည်။ အဆိုပါ ဒေသတွင် တောင်သူလယ်သမားများ အကျိုးစီးပွားနှင့်ထုတ်ကုန်စွမ်းအား မြင့်မားစေရန်ရည်ရွယ်၍ တောင်သူလယ်သမားနေ့နှင့် စိုက်ပျိုးထုတ်ကုန်ပြပွဲ ကျင်းပခြင်းကို ကြိုဆိုရမည်ဖြစ်သည်။
တောင်သူလယ်သမားများကို ဂုဏ်ပြုသောအားဖြင့်၊ တောင်သူလယ်သမားများ၏ကျေးဇူးကို သိတတ်သောအားဖြင့် တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ တောင်သူလယ်သမားများမှာ ကျေးလက်များတွင် နေထိုင်ပြီး မိရိုးဖလာစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်ကြရာတွင် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသော စိုက်ပျိုး ထုတ်ကုန်ဆိုင်ရာ အသိအမြင်များနှင့် ခေတ်မီတိုးတက်လာသော စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို စဉ်ဆက်မပြတ် သိမြင်ထားကြရန်လိုအပ်ပေသည်။ စိုက်ပျိုးရေးဆိုင်ရာ အထောက်အပံ့များနှင့် အသိပညာများ တောင်သူဦးကြီးများအား အစဉ်မျှဝေပေးနိုင်ပါက တောင်သူလယ် သမားဦးကြီးများဘဝ မြင့်မားတိုးတက်လာမည်ဖြစ်သည်။
သို့ဖြစ်ရာ နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသော တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်နှင့် ပြည်သူပြည်သားများအား အကျိုးပြုလျက် ရှိသောတောင်သူလယ်သမားများ၏ ကျေးဇူးကိုတုံ့ပြန်၍တောင်သူလယ်သမားနေ့ကို ခမ်းခမ်းနားနားကျင်းပပြီး တောင်သူလယ်သမားဦးကြီးများ၏ လိုအပ်ချက်များကို အလေးထားဖြည့်ဆည်းပေးကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်