Skip to main content

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများနှင့် လက်နက်/ခဲယမ်းများကို လက်ဝယ်ထားရှိခဲ့သူများအား ပြစ်ဒဏ် အသီးသီးချမှတ်

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်နေ မိုးသီဟ(ဘ) ဦးဇော်မိုးနှင့် စည်သူအောင်(ခ)ငမိုး(ဘ)ဦးမောင်မိုး တို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တက်ကြွစွာပါဝင် လှုပ်ရှားခြင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများ အဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေး ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်တွင်  ၎င်းတို့အား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်ကို အမိန့်ချ မှတ်လိုက်ကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၅၀) ရပ်ကွက်၊ ငုဝါမြိုင်လမ်းနေ ပိုင်ပိုင်(ခ)ညီညီပိုင်(ဘ)ဦးကြည်ဝင်း သည် အကြမ်းဖက်သမားများဖြစ်သည့် အောင်မျိုးလွင်(ဘ)ဦးမြ၊ ညိုမင်းထွန်း(ခ)ညိုကြီး(ဘ) ဦးအေးဟန်နှင့် ကျော်စည်သူ(ဘ) ဦးစံထွန်းအောင် တို့မှ လာရောက်အပ်နှံထားသော အကြမ်းဖက်မှုများ လုပ်ဆောင်ရာတွင် အသုံးပြုသည့် လက်နက်/ခဲယမ်းများဖြစ်သည့် အီနာဂါ ၈ လုံး၊ လက်လုပ်သေနတ် ၁ လက်၊ ၉ မမ ကျည် ၁၄ တောင့်၊ လက်လုပ်မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ဆက်စပ်ပစ္စည်းများအား လက်ဝယ်ထားရှိခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ) အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်တွင်  ၎င်းအား “ထောင်ဒဏ် ၁၀ နှစ်” ပြစ်ဒဏ်ကို အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။