Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းကျေးရွာအတွင်း ခိုအောင်းနေထိုင်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ  ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်းရှိ အချို့ကျေးရွာများ၌ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များဖြစ်ပေါ်စေရန် လှုံ့ဆော်ခြင်း၊ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား သတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများအား မိုင်းထောင်၊ မိုင်းခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားပြည်သူများအား အဓမ္မခြိမ်းခြောက် ဆက်ကြေးတောင်းခံခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက်လိုသည့် တာဝန်သိပြည်သူအချို့၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယင်းမာပင်မြို့နယ်အတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိစဉ် ယင်းမာပင်မြို့နယ်၊ ချင်းပုန်းကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိခိုအောင်းလျက်ရှိကြောင်း သတင်းအရ ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းအား လိုအပ်သည့် စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရေး ချဉ်းကပ်စဉ် အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် အရှေ့မြောက်ဘက်နှင့် အနောက်ဘက်သို့ ထိခိုက်ဒဏ်ရာရရှိမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်နေရာအား ရှင်းလင်းရှာဖွေခဲ့ရာ PDF အမည်ခံအကြမ်းဖက်သူ အမျိုးသား၊ အမျိုးသမီး အလောင်းအချို့၊ လက်လုပ်သေနတ်မျိုးစုံ ၁၈ လက်၊ လက်လုပ်စိန်ပြောင်း ၄ လက်၊ လက်လုပ် လက်ပစ်ဗုံးနှင့် ဗုံးသီးမျိုးစုံ ၁၄ လုံး၊ အမ်-၂၂ ကျည် ၆၈ တောင့်၊ ၉ မမ ကျည် ၃၇ တောင့်နှင့် အခြားဆက်စပ်ပစ္စည်းများ၊ KLUGER အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ SKAT အမျိုးအစား မော်တော်ယာဉ် ၂ စီး၊ Light Truck အမျိုးအစားမော်တော်ယာဉ် ၂ စီး၊ SURF အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ ဆိုင်ကယ်မျိုးစုံ ၄၅ စီး၊ Drone ၁ စီး လမ်းလျှောက်စကားပြောစက်များ၊ နိုင်ငံကူးလက်မှတ် ၃၆ အုပ်နှင့် အလျား ၁၀၀ ပေ၊ အနံ ၁၀၀ ပေရှိ လေ့ကျင့်ရေးကွင်း ၁ ခုတို့ကို သိမ်းပိုက်ရရှိခဲ့သည်။

အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်သည့် ပစ်မှတ်များမဟုတ်သော ဘာသာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် လူနေအိမ်များကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်း၊ စခန်းချအခြေပြု အကာအကွယ်ယူ တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူး လွန်ရာရောက်ပြီး အဆိုပါ ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှုနှိမ်နှင်းရေး လုပ်ငန်းများကို ပြည်သူလူထုတို့နှင့်အတူ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။