(၂၆-၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၅-၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၆-၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၃,၇၀၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂,၄၀၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါ ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁၀.၁၃) ရာခိုင်နှုန်း ရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၀၇၉,၇၄၅)ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၈၄,၂၃၉) ဦး ရှိပြီဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၃၅၅) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၅၃၂,၂၀၂) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၄) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၃၆၀) ဦး ရှိပါသည်။
- ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)နှင့် ပတ်သက်၍ ရောဂါဖြစ်ပွားမှုများကို မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကာ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခြင်း၊ အသွားအလာ ကန့်သတ်၍ သီးသန့် ခွဲခြားထားရှိရာနေရာ (Quarantine Center) များ၊ ကုသရေးစင်တာ (Treatment Center) များနှင့် အောက်စီဂျင်အပါအဝင် ဆေးနှင့် ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ခြင်း၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။
- သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ကူးစက်မှုမှ ကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ သံသယရောဂါ လက္ခဏာရှိသူများ အနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း သတင်းပေးပို့ခြင်း၊ အလှည့်ကျရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု မပျက်မကွက် အကြိမ်ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန်အတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပို့ဆောင်ပေးခြင်း စသည်တို့ကို မမေ့မလျော့ သတိပြု၍ ဆောင်ရွက်ကြပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းများကို ကျရာကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပေးတိုက်တွန်း နှိုးဆော်အပ်ပါသည်။
- COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။