ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြု လက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်း အသိအမှတ်ပြု လက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ (၂၁-၂-၂၀၂၂) နေ့က ပြုလုပ်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင် (၂၀-၁၂-၂၀၂၁) နေ့မှ (၂၈-၁-၂၀၂၂) နေ့ထိ လုပ်ငန်း အသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသည့် ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ ဂျာနယ် သုံးဦး၊ အထွေထွေ ရှစ်ဦး ပေါင်း တစ်ဆယ့်တစ်ဦးကို လည်းကောင်း၊ သတင်းအေဂျင်စီလုပ်ငန်း လျှောက်ထားသူ တစ်ဦးကိုလည်းကောင်း အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများ ပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) နေ့မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၉၆ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၃၁၃၁ ဦးနှင့် သတင်းအေဂျင်စီ လုပ်ငန်း ၃၈၉ ဦး၊ စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီ လုပ်ငန်း ၅၂၁၆ ဦးအား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန