ရန်ကုန် ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက် ၇ နာရီတွင် တောင်ဥက္ကလာပမြို့နယ် ၃ ရပ်ကွက် ပါရမီလမ်းပေါ်ရှိ ဆည်မြောင်းချောင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ချောင်းအတွင်းမှ အမှိုက် များ၊ နုန်းများ ဆယ်ယူရှင်းနေမှုနှင့် ချောင်း ဝဲ/ယာ မြက်ပင် ချုံနွယ်များရှင်းလင်းနေမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ် ၁၃ ရပ်ကွက်ရှိ ရာဇာဓိရာဇ်လမ်းကို ကွန်ကရစ်လမ်းခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး လုပ်ငန်းများအား စံချိန်စံညွှန်းနှင့် ညီမျှအောင် ဆောင်ရွက်ရေးမှာကြားသည်။
ထိုမှတစ်ဆင့် ၂၀ ရပ်ကွက် ပုဂံလမ်းပေါ်ရှိ ရွှေပေါက္ကံပန်းခြံအတွင်း စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပန်းခြံ အဝင်/အထွက်လမ်း ကောင်းမွန်ရေးအတွက် ပြန်လည်ပြုပြင်ရန်နှင့် ပန်းခြံအတွင်းရှိ အားကစား ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်စေရေး ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ် (၄) ရပ်ကွက်ရှိ ငါးစင်းရိုးချောင်း ရေစီးရေလာကောင်းမွန်ရေး အတွက် ချောင်းအတွင်း အမှိုက်များ၊ နုန်းများ ဆယ်ယူရှင်းလင်းနေမှုနှင့် ချောင်းကမ်းစပ် သန့်ရှင်းသပ်ရပ်ရေးအတွက် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းနေမှုကိုလည်း ကောင်း၊ (ဌ) ရပ်ကွက် စိန်ခြယ်လမ်းအတွင်း လူ (၅၀) ဆံ့ ကိုဗစ်-၁၉ Quarantine Center ပြင်ဆင်ထားရှိမှုကိုလည်းကောင်း၊ ကျောက်တံတား မြို့နယ်ရှိဆူးလေစေတီတော် ဘက်စုံပြုပြင် မွမ်းမံရေးအတွက် လူသွားစင်္ကြံကို Natural Clay ကျောက်ပြား ခင်းကျင်းနေမှု၊ အထက်ပစ္စယံ ပြုပြင်မွမ်းမံနေမှုနှင့် တန်ဆောင်း၊ ဓမ္မာရုံများ အမိုးလဲလှယ်မှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဂေါပကအဖွဲ့နှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်