Skip to main content

တရားမဝင်သစ်မျိုးစုံနှင့်နွားများ၊ လိုင်စင်မဲ့မော်တော်ယာဉ်၊ စက်လှေနှင့်ဆိုင်ကယ်၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန် ပစ္စည်းများဖမ်းဆီးရမိ

နေပြည်တော်   ဖေဖော်ဝါရီ   ၂၃

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၁ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် အမ်းမြို့နယ်တို့အတွင်း တရားမဝင် သစ်မျိုးစုံ ၇ ဒသမ ၈၂၀၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၀၆၇၆) ကို ဖမ်းဆီးရမိခဲ့ပြီးသစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၂ ရက် တွင် တနင်္သာရီရေတပ်စခန်းဌာန ချုပ်မှ ဗိုလ်မှူးမင်းသိန်း ဦးစီးတပ်ဖွဲ့ဝင်များသည် တရားမဝင် ပိတောက်သစ်ခွဲသား ၁၀၀ ဒသမ ၄၈၉၆ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၁၁၂၆၀၈၀)နှင့် ၎င်း သစ်များ တင်ဆောင်လာသော အလျားပေ ၁၁၀ ၊ အနံ ၃၄ ပေ၊ စောက် ၁၃ ပေရှိ သစ်သား ကိုယ်ထည် လိုင်စင်မဲ့စက်လှေ တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၃၅၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၁၄၇၆၀၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တော ဦးစီးဌာနနှင့် ပူးပေါင်း စစ်ဆေးရေးအဖွဲ့များက ရှောင်တခင်စစ်ဆေးရာတွင် ဘိုကလေး မြို့နယ်နှင့် သာပေါင်းမြို့နယ်တို့ အတွင်း တရားမဝင် သစ်မျိုးစုံ ၅၇ ဒသမ ၇၇၇၁ တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၇၃၀၃၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူရန်ကုန်မြို့ မြန်မာ့ စက်မှုဆိပ်ကမ်းတွင် တာဝန်ကျ အကောက်ခွန်အဖွဲ့မှ ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားသည်ထက် ပိုမို တင်ဆောင်လာသော လူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန် ပစ္စည်းမျိုးစုံ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ်၄၀၉၃၅၅၆၄)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက် လျက်ရှိသည်။

၎င်းအပြင် ဖေဖော်ဝါရီ ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့နယ်တွင် တရားမဝင် တင်ဆောင် လာသော နွား ၄၃ကောင် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၉၀၀၀၀၀) ကို တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဥပဒေအရ လည်းကောင်း၊ CROWN အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ်၂၀၀၀၀၀၀)၊ မုံရွာ မြို့နယ်အတွင်း CZI-125 အမျိုး အစား လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀ ၀၀၀)နှင့် ရွှေဘိုမြို့နယ်အတွင်း SHAYAN-125 အမျိုးအစား လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅၀၀၀၀)ကို ပို့ကုန် သွင်းကုန် ဥပဒေအရလည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၃ ရက် တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး၊  အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်း စစ်ဆေးရေးစခန်း၌ ပူးပေါင်းစစ်ဆေးရေး အဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဆပ်ပြာမှုန့် အထုပ် ၅၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀၀၀၀၀) ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ( ၁၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၃၁၀၅၃၅၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှသိရသည်။

သတင်းစဉ်